International News

အရှေ့တောင်အာရှမှ အုန်းသီးများ တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်လာ

Last Updated:

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ လတ်လတ်ဆတ်ဆတ် အုန်းသီးများကို တင်သွင်းခွင့်ပြုပြီး ရက်ပိုင်းအတွင်း သစ်သီးကုန်သည် Chen Peizhu သည် တရုတ်ဝယ်လက်များထံမှ အမှာစာများစွာ လက်ခံရရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားအုန်းသီးများသည် အရည်အသွေးမြင့်ပြီး စျေးနှုန်းအရလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း၊ ၎င်းတို့၏ အနံ့မွှေးသော အုန်းသီးမျိုးကွဲများသည် တရုတ်နိုင်ငံ၌ ရှားပါးသည်ဟု တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် သစ်သီးရောင်းဝယ်ရေးကုမ္ပဏီ Yuhua Hongda ၏ အထွေထွေမန်နေဂျာ Chen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Chen သည် လစဉ် အုန်းသီးကွန်တိန်နာ (၅) လုံးကို တင်သွင်းရန် စီစဉ်နေပြီး အများစုကို လက်ရှိခေတ်စားနေသော အုန်းသီးကြက်သားဟော့ပေါ့ စားသောက်ဆိုင်များသို့ ရောင်းချရန် သို့မဟုတ် တရုတ်လူငယ် စားသုံးသူများအကြား ရေပန်းစားနေသည့် ကျန်းမာရေးနှင့် ညီညွတ်သော အချိုရည်ဖြစ်သည့် အုန်းရေသန့်ဗူးအဖြစ် ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် အုန်းသီး၊ အုန်းရည်နှင့် အုန်းသီးနှင့် ဆက်စပ်ထုတ်ကုန်များ ရောင်းချမှုတွင် လိုအပ်ချက်များရှိနေသဖြင့် တင်သွင်းလာသည့် အုန်းသီးများအတွက် ဝယ်လိုအားများပြားမည်ဟု မျှော်လင့်ကြောင်း Chen က ပြောကြားခဲ့ပါသည်။

အုန်းသီးသည် တရုတ်စားသုံးသူများအတွက် အသစ်အဆန်းမဟုတ်ဘဲ Coconut Palm Group မှထုတ်လုပ်သော အုန်းနို့သည် Coca-Cola နှင့် Pepsi တို့နှင့်အတူ မိသားစုစားပွဲများတွင် နေရာယူထားသော်လည်း bubble tea ကဲ့သို့သော ဖျော်ရည်များ ခေတ်စားလူကြိုက်များလာချိန်တွင် ၎င်း၏ ကျော်ကြားမှုမှာ လျော့ပါးသွားခဲ့ကြောင်း သိရှိရပါသည်။

သို့သော် မကြာသေးမီနှစ်များအတွင်း အုန်းသီးသည် တစ်ကျော့ပြန် ခေတ်စားလာခဲ့ပြီး အားကစားအချိုရည် ဈေးကွက်သို့ ဝင်ရောက်ကာ Luckin Coffee ၏ အုန်းသီးအရသာ latte အပါအဝင် လက်ဖက်ရည်နှင့် ကော်ဖီထုတ်ကုန်များ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

ပြည်တွင်း အုန်းသီးထုတ်လုပ်မှု အများစုမှာ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ပြည်နယ်မှဖြစ်ပြီး တစ်နှစ်လျှင် အုန်းသီးလုံး သန်း (၂၀၀) ထုတ်လုပ်ကြောင်း၊ သို့သော်လည်း တိုးတက်လာနေသော ပြည်တွင်းအုန်းသီး ဝယ်လိုအားကိုဖြည့်ဆည်းရန် တရုတ်သစ်သီး ကုန်သည်များသည် အရှေ့တောင်အာရှသို့ ခြေဆန့်လာကြကြောင်း သိရှိရပါ သည်။

အကောက်ခွန် အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ အုန်းသီးတန်ချိန် (၁.၀၇) သန်း တင်သွင်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တင်သွင်းခဲ့သည့် တန်ချိန် (၈၇၂,၀၀၀) ထက် (၂၂.၈) ရာခိုင်နှုန်း မြင့်တက်လာကာ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် အဓိက တင်ပို့သည့် နိုင်ငံများဖြစ်ကြကြောင်း သိရှိရပါသည်။

မလေးရှားနိုင်ငံမှ အုန်းသီးထွက်ကုန်များ ရောင်းချသူ Karta International က ၎င်း၏ အုန်းရည်သည် တရုတ်ဈေးကွက်တွင် ခြေကုပ်ယူထားပြီး Pinduoduo နှင့် Douyin ကဲ့သို့သော ပလပ်ဖောင်းများတွင် ကောင်းစွာရောင်းချနိုင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံသည် ၎င်းတို့အတွက် ကြီးမားသော စျေးကွက်ဖြစ်ပြီး တရုတ်ပြည်သူများ၏ ကျန်းမာရေးအသိပညာများ မြင့်မားလာသဖြင့် အုန်းရည်ကဲ့သို့သော ကျန်းမာရေးနှင့် ညီညွတ်သော အချိုရည်များ သောက်သုံးမှုလည်း မြင့်တက်လာမည်ဟု Karta International ၏ ပို့ကုန် မန်နေဂျာ Yeow Kian Siang က မကြာသေးမီက ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ သစ်သီးဝလံများကို အဓိကတင်သွင်းသည့် ကွမ်ရှီးအခြေစိုက် သစ်သီးဝလံ ကုမ္ပဏီ Youxianyuan က လက်ရှိတွင် အရှေ့တောင်အာရှမှ အုန်းသီးများကို တရုတ်နိုင်ငံ၌ အမျိုးမျိုးသော ဝယ်လက်များ ရရှိနေပြီဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့သည် အုန်းသီးများကို အဓိကအားဖြင့် သစ်သီး လက်လီရောင်းချသူများအား ရောင်းချပေးလေ့ရှိပြီး ယခုအခါ ၎င်းတို့၏ဖောက်သည်များတွင် အုန်းသီးနုနှင့် အုန်းရည်အများအပြား လိုအပ်သည့် ဟော့ပေါ့စားသောက်ဆိုင်များ၊ အုန်းဂျယ်လီ ဖျော်ရည်ရောင်းချသူများနှင့် Bubble tea ဆိုင်များလည်း ပါဝင်သည်ဟု Youxianyuan ၏ ဒုတိယအထွေထွေမန်နေဂျာ Mo Jiaming မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အုန်းသီး အပါအဝင် အရှေ့တောင်အာရှမှ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ စျေးကွက်ချဲ့ ထွင်နိုင်ခြင်းသည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသနှင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တို့ကို အကောင်အထည်ဖော်ခြင်းကြောင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ဈေးကွက်ဝင်ရောက်ခွင့်ရရှိခြင်းနှင့် အကောက် ခွန်ရှင်းလင်းခြင်းလုပ်ငန်းများ လွယ်ကူအဆင်ပြေခြင်းစသည့် အကျိုးရလဒ်များကြောင့် ဖြစ်ကြောင်းလည်း သိရှိရပါ သည်။

တရုတ်နိုင်ငံတွင် အုန်းသီးကဲ့သို့ အပူပိုင်းဒေသသစ်သီးများ၏ ရေပန်းစားမှု မြင့်တက်လာခြင်းသည် တရုတ်ခရီးသွားများအတွက် ရေပန်းအစားဆုံး နေရာများအနက်မှ တစ်ခုဖြစ်သည့် အရှေ့တောင်အာရှရှိ ခရီးသွားရှုခင်းများ၏ နှစ်လိုဖွယ် အမှတ်တရများနှင့်လည်း ဆက်စပ်နေကြောင်း သိရှိရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းနှင့်အတူ ဒေသထွက် အစားအစာများနှင့် သစ်သီးများ တိုးမြှင့်တင်ပို့နိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

 

 

 

Source: https://english.news.cn/20230923/6226a577a01143ce8784b55215c1277b/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News