International News

ဂျပန်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့လိုကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန ပြောကြေား

Last Updated:

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးတို့ တွေ့ဆုံရာတွင် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား ဂျပန်နိုင်ငံသို့ တိုးမြှင့် တင်ပို့လိုကြောင်း၊ ASEAN-Japan Midori Cooperation Plan အကောင်အထည်ဖော်ဆောင် ရွက်နေမှု အပါအဝင် နှစ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနများကြား စိုက်ပျိုးရေးကဏ္ဍ၊ သစ်တော ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးမည့် ကိစ္စတို့ကို အထူးအလေးပေးဆွေးနွေးခဲ့ကြကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် ဂျပန်နိုင်ငံသို့ ဖိလစ်ပိုင်နိုင်ငံထွက်  ငှက်ပျောသီး၊ ဟက်စ်ထောပတ်သီးမျိုးနှင့် သရက်သီးတို့ကို ဈေးကွက်ထိုးဖောက်ရရှိရေးနှင့် အခွန်ဖြေလျှော့ပေးရန်တို့ကိုလည်း အဆိုပြုခဲ့ပါကြောင်း၊ ငှက်ပျောသီးသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စိုက်ပျိုးရေးပို့ကုန်တစ်ခုဖြစ်သည့်အတွက် ဂျပန်နိုင်ငံအနေဖြင့် ငှက်ပျောသီးအပေါ်ကောက်ခံသည့် အခွန်နှုန်းထားအား ဖြေလျှော့ပေးမည် ဆိုပါက ဖိလစ်ပိုင်နိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုအား ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀မှ ၂၀၂၃ ကာလအတွင်း ဂျပန်နိုင်ငံသို့ငှက်ပျောသီးတင်ပို့မှု မက်ထရစ်တန်ချိန် ၃.၄ သန်း ထိရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ငှက်ပျောသီး မက်ထရစ်တန်ချိန် ၂၄၁,၂၈၂ တန် တင်ပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ငှက်ပျောသီးအမျိုးအစားပေါင်း ၉ မျိုး တင်ပို့လျက်ရှိပြီး Cavendish အမျိုးအစားမှာ ဂျပန်ဈေးကွက်၏ ကြိုက်အနှစ်သက်ဆုံး အမျိုးအစားတစ်ခုဖြစ်ပါကြောင်း၊ ငှက်ပျောသီးအပြင် ဂျပန်ဈေးကွက်သို့ ဟက်စ်ထောပတ်သီးမျိုးအား ယခုနှစ်အတွင်း တင်ပို့ခွင့်ရရှိရန် ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားကင်းစင်ကြောင်းဆိုင်ရာ လိုအပ်ချက်များအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းကပင် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။

တချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို သရက်သီးတင်ပို့မှုမှာ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်းကျဆင်းခဲ့ပြီး ဂျပန်နိုင်ငံ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများ ပိုမိုတင်းကြပ်လာ၍ဖြစ်ပါကြောင်း၊ အထူးသဖြင့် Cecid fly infestation ဆိုင်ရာ ရောဂါပိုးမွှားနှင့် ပိုးမွှားကင်းစင်ခြင်းဆိုင်ရာအချက်တို့မှာ အဓိကအချက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံရှိ သရက်သီးစိုက်ပျိုးထုတ်လုပ်သူ၊ တင်ပို့သူများအနေ ဖြင့် Philippines Good Agricultural Practices နှင့်အညီဖြစ်စေရန် အလေးပေးပေးဆောင်ရွက်စေလိုကြောင်း ပြောကြားထားပါသည်။

ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား ဥစား၊ အသားစား ကြက်/ဘဲများ တင်ပို့ခြင်းဆိုင်ရာ အလား အလာများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းဖော်ပြပါရှိပါသည်။

ဟက်စ်ထောပတ်သီးမျိုးသည် ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပို့ကုန်ဦးစားပေး ကုန်စည်တစ်ခုဖြစ်ပြီး အထွက်နှုန်း တိုးမြှင့်ရန် ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၃ ခုနှစ်က တောင်ကိုရီးယားဈေးကွက်သို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံမှဟက်စ်ထောပတ်သီးမျိုး တင်ပို့နေသည့် ဈေးကွက် ၈ ခု ရှိပြီး တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အင်္ဂလန်၊ နယ်သာလန်နှင့် အိုင်ယာလန်တို့ ဖြစ်ပါသည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျောသီးတင်ပို့မှုတွင် ဂျပန်ဈေးကွက်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး စုစုပေါင်းငှက်ပျောသီးတင်ပို့မှု၏ ၄၀% မှာ ဂျပန်ဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်ပါ ကြောင်း၊ ဂျပန်နိုင်ငံမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Tariff Schedule  အရ အောက်တိုဘာလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှငှက်ပျောသီးအား တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားမှာ ၁၈% ဖြစ်သောကြောင့် ပြီးခဲ့သည့် နွေရာသီကာလ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိက ကောက်ခံခဲ့သည့် အကောက်ခွန်နှုန်းထားဖြစ်သော ၈% ထက် ပိုမိုများပြားနေသဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအား ပိုမိုကောင်းမွန်လာစေရန် အခွန်နှုန်းထား ဖြေလျှော့ပေးရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ အဆိုပြုခြင်းဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။  

 

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News