International News

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ သစ်သီးများ ပိုမိုတင်ပို့ရောင်းချသော်လည်း ထိုင်းနိုင်ငံထက် အမြတ်အစွန်းနည်းလျက်ရှိ

Last Updated:

ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့သည် တရုတ်နိုင်ငံသို့ သစ်သီးအဓိကတင်ပို့သည့် နိုင်ငံများဖြစ်ကြပြီး ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံထက် သစ်သီးတင်ပို့မှုပမာဏလျော့နည်းသော်လည်း ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလအတွင်း ငှက်ပျောသီး၊ သရက်သီး၊ မင်းဂွတ်သီး၊ ဖရဲသီး၊ ဒူးရင်းသီး၊ လောင်ဂန်သီး၊ ကြက်မောက်သီး၊ နဂါးမောက်သီးနှင့် လိုင်ချီးသီးအပါအဝင် သစ်သီးတန်ချိန် (၈၈၅,၃၀၀)တင်သွင်းရန် အမေရိကန်ဒေါ်လာ (၁.၁၈) ဘီလီယံသုံးစွဲခဲ့ကြောင်း တရုတ်အေဂျင်စီများ၏ဖော်ပြချက်အရ သိရှိရပါသည်။

သစ်သီးတင်သွင်းမှုပမာဏသည် ယခင်နှစ်ကာလတူထက် (၁၈.၉)ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း တန်ဖိုးမှာ (၆.၂)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသစ်သီး(၉)မျိုး၏ ပျမ်းမျှသွင်းကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၉.၇)ရှိပြီး ၂၀၂၂ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်ပါက (၃၁)ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

အဆိုပါသစ်သီးများအနက် ငှက်ပျောသီး၊ လောင်ဂန်သီး၊ နဂါးမောက်သီးနှင့် ဒူးရင်းသီးတို့မှာ တင်သွင်းမှုအများဆုံးဖြစ်ပြီး ငှက်ပျောသီးကို (၅၁၃,၈၀၀)တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၁၃.၁)သန်းဖိုး တင်သွင်းခဲ့ကြောင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် တရုတ်နိုင်ငံသို့ ငှက်ပျောသီး အဓိကတင်ပို့ရောင်းချသူများဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ လောင်ဂန်သီးတင်သွင်းမှုမှာ (၁၂၅,၀၀၀)တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၆၈)သန်း ရှိခဲ့ကြောင်းနှင့် နဂါးမောက်သီးကို (၉၇,၂၀၀) တန် တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၉၃.၃)သန်းဖိုးရှိခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ဒူးရင်းသီးတင်သွင်းမှုမှာ သိသိသာသာဆက်တိုက်မြင့်တက်လျက်ရှိပြီး တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ (၅၀၆.၈) သန်းရှိပြီး ၂၀၂၂ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်ပါက အရေအတွက်အားဖြင့် (၁၅၄.၃)ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၁၂၄.၆) ရာခိုင် နှုန်း မြင့်တက်လာကြောင်းသိရှိရပါသည်။

လွန်ခဲ့သောနှစ်များတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံမှ ဒူးရင်းသီးများကို အဓိကတင်သွင်းခဲ့သော်လည်း ဗီယက်နမ်နှင့် တရုတ်တို့အကြား ဗီယက်နမ်မှ ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ တင်ပို့မှုဆိုင်ရာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံပြီးလျှင် တရုတ်ဈေးကွက်သို့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသီးများကို တင်ပို့ခွင့်ရသည့် ဒုတိယမြောက် အရှေ့တောင်အာရှနိုင်ငံဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် တရုတ်နိုင်ငံသို့ သစ်သီး (၉)မျိုးကို အဓိကတင်ပို့ရောင်းချသည့် နိုင်ငံ(၂)နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ ၏ သစ်သီးတင်သွင်းမှုစုစုပေါင်းတွင်  ဗီယက်နမ်နှင့် ထိုင်းသစ်သီးများ၏အချိုးမှာ မြင့်တက်လာကြောင်းသိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ  သုံးလပတ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ အဆိုပါသစ်သီးများ  (၃၇၆,၃၀၀) တန် ၊  တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ (၃၄၂.၃)သန်းဖိုး တင်သွင်းခဲ့ပြီး အရေအတွက်အားဖြင့် (၁၅.၄)ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း တန်ဖိုးအားဖြင့် (၂.၁)ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

ထိုအတောအတွင်း တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ (၅၈၃)သန်း တန်ဖိုးရှိ သစ်သီး (၂၀၄,၆၀၀)တန် တင်သွင်းခဲ့ရာ အရေအတွက်အားဖြင့် (၃)ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း တန်ဖိုးအားဖြင့် (၂၀.၂)ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရှိရပါသည်။

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သစ်သီးတင်သွင်းသည့် ပျမ်းမျှစျေးနှုန်းများ(ဗီယက်နမ်အတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၀၉.၆နှင့် ထိုင်းနိုင်ငံအတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၂,၈၅၀)အကြား ကြီးမားသော ခြားနားချက်များကို လေ့လာသူများက တွေ့ရှိခဲ့ကြကြောင်းသိရှိရပါသည်။

ဆိုလိုသည်မှာ ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့သည့် အရေအတွက်သည် ထိုင်း နိုင်ငံထက် (၁.၈)ဆ ပိုများသော် လည်း ဗီယက်နမ်မှရရှိသည့် ငွေပမာဏသည် အလွန်နည်းကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် သစ်သီး တန်ချိန်(၅.၄၃)သန်း ထွက်ရှိပြီး တစ်နှစ်လျှင် သစ်သီး တန်ချိန်(၁၂-၁၃)သန်းထွက်ရှိသည့် ဗီယက်နမ်ထက် ထုတ်လုပ်မှုနည်းသော်လည်း ထိုင်းနိုင်ငံသည် ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ (၈.၅၃)ဘီလီယံ ရရှိပြီး ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ (၃.၂)ဘီလီယံသာ ရရှိကြောင်း နန်နင်းစီးပွားရေးအသင်း၏ ဥက္ကဋ္ဌ ဘော့ဝမ်က မကြာသေးမီက ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

Source: https://www.aseanall.com/news/2068.html

စီးပွားရေးသံမှူး၊ နန်နင်း

Category: International News