International News

ကိုရီးယားကုမ္ပဏီများက ထိုင်းနိုင်ငံအတွင်း ဘတ် ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လျာထား

Last Updated:

ထိုင်းနိုင်ငံတွင် ကိုရီးယား ကုမ္ပဏီ ၅ ခုက လျှပ်စစ်မော်တော်ကားလုပ်ငန်းမှသည် စက်မှုဇုန် ဆောက်လုပ်ခြင်းအထိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအသစ်များတွင် ဘတ် ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လျာထားကြောင်း ထိုင်းနိုင်ငံ၊ စက်မှုအိမ်ခြံမြေအာဏာပိုင်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Veeris Ammarapala က ပြောကြားခဲ့ပါသည်။

ယင်းတို့အနက် ကုမ္ပဏီ ၄ ခုသည် လျှပ်စစ်မော်တော်ကားများ၊ မော်တော်ကား အစိတ်အပိုင်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံလိုကြပြီး ကျန်ကုမ္ပဏီတစ်ခုမှာ ဘတ် ၅ သန်း တန်ဖိုးရှိသော စက်မှုဇုန်သစ်တည်ဆောက်ရေးတွင် စက်မှုအိမ်ခြံမြေအာဏာပိုင်နှင့် ဖက်စပ်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း ၎င်းကဆိုပါသည်။

ကိုရီးယားနိုင်ငံတွင် မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သော Roadshow တွင် စက်မှုအိမ်ခြံမြေအာဏာပိုင်နှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ တာဝန်ရှိသူများသည် ကိုရီးယားကုမ္ပဏီ ၄၀ ခုတို့မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ကြပြီး ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ကိုရီးယားကုမ္ပဏီအများစုက ထိုင်းနိုင်ငံ၏အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက်တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC)တွင် ရင်းနှီးမြှုပ်နှံ လိုကြကြောင်း Mr. Veeris က ဖြည့်စွက်ပြောကြားပါသည်။

ထို့အပြင် ကိုရီးယားအကြီးတန်းအရာရှိများက ထိုင်းအစိုးရကို လျှပ်စစ်ကုန်တင်ကားများနှင့် ဘတ်စ်ကားများတိုးမြှင့်ထုတ်လုပ်စေရုံသာမက လျှပ်စစ်မော်တော်ကား အားသွင်းရုံများကို တိုးမြှင့်ဆောက်လုပ်စေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကိုပေးအပ်မည့် ရင်းနှီးမြှုပ်နှံမှုအတွက် မက်လုံးပေး အစီအစဉ်များတွင် လျှပ်စစ်မော်တော်ကား အားသွင်းရုံအသစ်များ ဆောက်လုပ်သည့် ကုန်ကျစရိတ်ကို လျှော့ချပေးစေလိုကြောင်း ဆွေးနွေးခဲ့မှုများအား မျှဝေခဲ့ပါသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်မော်တော်ကား ဝယ်ယူခြင်းနှင့် ထုတ်လုပ်ခြင်းကို တိုးမြှင့်ရန်အတွက် မော်တော်ယာဉ်အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်၍ Subsidy အဖြစ် ဘတ် ၇၀,၀၀၀ မှ ဘတ် ၁၅၀,၀၀၀ အထိ ခံစားခွင့်ရှိသော မက်လုံးပေးအစီအစဉ်ကို ယခင်နှစ်က ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkokpost.gov   

Category: International News