International News

ထိုင်းအစားအစာများအပေါ် သတ်မှတ်စံနှုန်းများ မြင့်တက်လာသဖြင့် ၁၀ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ရန် သတ်မှတ်ထား

Last Updated:

ထိုင်းအစားအစာများကို ဝယ်လိုအားမြင့်တက်လာမှု၊ အစားအစာများ၏ အရည်အသွေး၊ လုံခြုံ စိတ်ချရမှုနှင့် အဆက်မပြတ်ထုတ်လုပ်နိုင်မှုများအပေါ် ထိုင်း၏စံနှုန်း မြင့်မားလာခြင်းတို့ကြောင့် အစားအစာပို့ကုန်တင်ပို့နိုင်မှုကို ၁၀ ရာခိုင်နှုန်းထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် မေလ ၂၃ ရက်နေ့မှ စတင်၍ ၅ ရက်ကြာ ကျင်းပသွားမည့် THAIFEX-ANUGA ASIA 2023 ၏ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီး Mr. Jurin Laksanawisit က ယခုနှစ်အတွင်း အစားအစာ တင်ပို့နိုင်မှုမှ ထိုင်းဘတ် ၁.၅၅ ထရီလီယံ ရရှိရန်မျှော်လင့်ထားကြောင်း၊  ပြပွဲတွင် နိုင်ငံ ၁၄၀ နိုင်ငံမှကုမ္ပဏီ ၃၀၀၀ ကျော်က ပြခန်း ၆၀၀၀ ခန့်လာရောက်ပြသကြပါကြောင်း၊ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် သီးနှံများ၏ တင်ပို့နိုင်မှုသည် သင့်တင့်သော ဈေးနှုန်းများ ရရှိပြီး ကောင်းမွန်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းအပြင်  ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုကို တန် ၈ သန်းထိရောက်ရှိရန် ခန့်မှန်းထားပြီး ပီလောပီနံနှင့် အခြားသောလတ်ဆတ်သီးနှံများလည်းအပါအဝင်ဖြစ်ကြောင်း၊ ပထမ ၃ လပတ်အတွင်း တင်ပို့နိုင်ခဲ့သည့် ကုန်စည်များမှာ သကြား၊ ဆန်၊ ကြက်သားနှင့် လတ်ဆတ်အသီးအနှံများဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းအစားအစာထုတ်လုပ်သည့်အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်သူ Mr. Visit Limlurcha က အစားအစာတင်ပို့မှုကို ၃-၅ ရာခိုင်နှုန်းတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍမှလည်း ခန့်မှန်းထားကြောင်း၊ ယင်းခန့်မှန်းမှုများသည် ကုန်ကြမ်းရရှိမှုပေါ်တွင် မူတည်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် မိုးခေါင်ခြင်းနှင့် ပူပြင်းလာသော ရာသီဥတုအပေါ် စိတ်ပူပန်မိကြောင်းနှင့် ရေစီမံခန့်ခွဲမှုကို ကောင်းစွာဆောင်ရွက်နိုင်မည်ဆိုပါက ခန့်မှန်းထားသည့်အတိုင်း ၁၀ ရာခိုင်နှုန်း တိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း ၎င်း၏အမြင်ကို မျှဝေခဲ့ပါသည်။

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkokpost.gov   

Category: International News