International News

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Tiền Giang ပြည်နယ်မှ တရုတ်နိုင်ငံသို့ အုန်းလတ်လတ် ဆတ်ဆတ် များ တင်ပို့

Last Updated:

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ စက်မှုနှင့် ကုန်သွယ်မှုဦးစီးဌာနသည် FADO iExport ကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ တရုတ်နိုင်ငံသို့ အုန်းသီးလတ်ဆတ် တန်ချိန် ၇၀ နီးပါး ပထမအသုတ်တင်ပို့ရန်အတွက်  စုစည်းခဲ့ကြောင်း သိရှိရပါသည်။

ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Pham Văn Trung က ကုန်သွယ်မှု မြှင့်တင်ရန်နှင့် အဓိကကျသော သစ်သီးထုတ်ကုန်များကို ပြည်ပဈေးကွက် (အထူးသဖြင့် တရုတ်ဈေးကွက်သို့) တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသအတွက် အရေးကြီးသော ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

Tiền Giang ပြည်နယ်သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အုန်းသီးစိုက်ပျိုးဧရိယာ စဉ်ဆက်မပြတ် စိုက်ပျိုးလျက်ရှိသည့် ကြီးမားသော ပြည်နယ်တစ်ခုဖြစ်ကြောင်း Trung မှ ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အုန်းသီးကို ဟက်တာ ၂၀,၆၅၀ ကျော်တွင် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်အထွက်နှုန်း တန်ချိန် ၂၃၄,၀၀၀ ခန့်ရှိကြောင်း ဖော်ပြထားပါသည်။

မကြာသေးမီနှစ်များအတွင်း Tiền Giang သည် ပြည်နယ်အတွင်း အုန်းသီးစိုက်ပျိုးခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို မြှင့်တင်ရန်အတွက် ဦးစားပေးယန္တရားများနှင့် နည်းလမ်းသစ်များစွာကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေသတွင်း အုန်းသီးလုပ်ငန်းတိုးတက်မှုအတွက် စံနမူနာကောင်းများကို ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Trung မှ ပြောကြားခဲ့သည်။ အဆိုပါ ကြိုးပမ်း ဆောင်ရွက်မှုသည် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရေး၊ စီးပွားရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်ရန်နှင့် ဗီယက်နမ်အုန်းသီးများကို မကြာမီကာလအတွင်း ဒေါ်လာ ဘီလီယံချီတန်သော ပို့ကုန်သီးနှံများအဖြစ် ဖော်ဆောင်ရန် ရည်မှန်းချက်ဖြင့် ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

FADO ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Pham Tấn Đạt က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ( RCEP)  သည် ဗီယက်နမ်နိုင်ငံသို့ လယ်ယာထွက်ကုန် အမျိုးအစား ၁၅ မျိုးခန့်  တိုက်ရိုက်တင်ပို့ရန် လမ်းခင်းပေးခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

မကြာသေးမီက အုန်းသီးလတ်လတ်ဆတ်ဆတ်များတင်ပို့ရန် အတည်ပြုချက် ရရှိခဲ့ကြောင်း ယင်းမတိုင်မီက ဗီယက်နမ်အုန်းသီးသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ခြေကုပ်ယူထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ယခုတင်ပို့မှုသည် ဗီယက်နမ်အုန်းသီးများကို တရုတ်နိုင်ငံသို့ ရထားဖြင့် ပထမဦးဆုံး အကြိမ် တင်ပို့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်ပို့ခြင်းသည် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်း စဉ်များ ပိုမိုမြန်ဆန်စေခြင်း၊ လူစည်ကားသော နယ်စပ်ဂိတ်များကို ရှောင်ရှားခြင်းနှင့် သမားရိုးကျ ကုန်းလမ်းဖြင့် ပို့ဆောင်ခြင်းနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ရေးစရိတ်စက သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

Source: Vietnam news

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

 

Category: International News