ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးပြန်လည်ကောင်းမွန်မှုနှင့် ကမ္ဘာ့ငွေကြေး မူဝါဒများ ဖြေလျှော့လာမှုတို့ကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၄ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက ပြောကြားခဲ့ပါသည်။
အောက်တိုဘာလအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၇.၂ ဘီလီယံရှိခဲ့သဖြင့် ၁၄.၆ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး ၄ လဆက်တိုက် တိုးတက်မှုရှိခဲ့ကြောင်း၊ သွင်းကုန်သည် အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၇၉၄ သန်း ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ထိုင်းပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ သို့ရောက်ရှိခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၅၇ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပို့ကုန်အလားအလာသည် ၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့သဖြင့် နှစ်စဉ်တိုးတက်မှု ၂ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ပါကြောင်း၊ ပို့ကုန် တိုးတက်မှု၏ အဓိကအချက်များမှာ အဓိကကုန်သွယ်ရေးမိတ်ဖက်များ၏ စက်မှုကဏ္ဍ ပြန်လည်ကောင်းမွန်လာမှု၊ ကမ္ဘာ့ငွေကြေးမူဝါဒများဖြေလျှော့မှု၊ ပိတ်ရက်ကာလများအတွင်း စိုက်ပျိုးရေးနှင့် အစားအစာကုန်စည်ပို့ကုန်များတိုးတက်မှုနှင့် သင်္ဘောတင်ပို့ခများကျဆင်းမှုကြောင့် ထောက်ပံ့ပို့ဆောင်ရေးစရိတ်များလျော့နည်းလာမှုတို့ကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiya-napakorn က ပြောကြားခဲ့ပါသည်။
ဇန်နဝါရီလအတွင်း ဒေါ်နယ်ထရမ့် အလုပ်တာဝန်ထမ်းဆောင်ပါက အမေရိကန်ကုန်သွယ်မှုဝါဒများမသေချာမှု၊ ငွေလဲနှုန်းအတက်အကျဖြစ်မှု၊ လက်ရှိပထဝီဝင်နိုင်ငံရေးတင်းမာမှုများနှင့် အိန္ဒိယဆန်ပို့ကုန်မူဝါဒအပြောင်းအလဲများ၏ သက်ရောက်မှုအလားအလာစသည့် စိန်ခေါ်မှုများ တည်ရှိနေပါကြောင်း၊ ယင်းအချက်များကို ဖြေရှင်းရန် ထိရောက်သော မဟာဗျူဟာများချမှတ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်နေပါကြောင်း၊ ဆန်၊ ရာဘာ၊ လတ်ဆတ်နှင့် အေးခဲကြက်သား၊ ပင်လယ်စာစည်သွပ်ဗူးများ၊ တိရစ္ဆာန်အစာနှင့် ပြုပြင်ပြီးနှင့် သစ်သီးစည်သွပ်ဗူးပို့ကုန်များ တိုးတက်မှုရှိခဲ့ပြီး လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်၊ ကြက်သား၊ ပီလောပီနံထုတ်ကုန်များ၊ သကြား၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်ဆီ ပို့ကုန်များ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ ယန္တရားများ၊ ဓာတုပစ္စည်းများ၊ ပလတ်စတစ်အလုံးများ၊ သံ၊ သံမဏိနှင့် ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် ထရန်စဖော်မာများဖြစ်ကြောင်း၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ပိုင်း လျှပ်ကူးပစ္စည်းများ၊ ထရန်စစ္စတာများနှင့် ဒိုင်အုတ်ပို့ကုန်များ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် အောက်တိုဘာလအတွင်း ပို့ကုန်သည် ၁၉ လအတွင်း အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ကြောင်း၊ ကျန်လများအတွင်း ပို့ကုန်တန်ဖိုးသည် ၁ လလျှင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံရရှိခဲ့ပါက ပို့ကုန်သည် ၄ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း Thai National Shippers’ Council ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က သုံးသပ်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။