International News

ဗီယက်နမ်လေကြောင်းလိုင်းသည် ဟနွိုင်း-ချန်ဒူ လေကြောင်း ခရီးစဉ်ကို ဇွန်လ ၂၅ ရက်မှ ပြန်လည်ပြေးဆွဲသွားမည်

Last Updated:

နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သော ဗီယက်နမ်လေကြောင်းလိုင်းသည် ဇွန်လ ၂၅ ရက်နေ့မှစ၍ မြို့တော် Ha Noi မှ တရုတ်နိုင်ငံ Chengdu သို့  တိုက်ရိုက်လေကြောင်း လမ်းကြောင်းကို ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ အပတ်စဉ် ဟနွိုင်းမှ ချန်ဒူသို့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း လေးကြိမ်ပျံသန်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပြေးဆွဲမှုသည် လေကြောင်းလိုင်းအနေဖြင့် နိုင်ငံတကာ လေကြောင်းကွန်ရက်ကို ချဲ့ထွင်ရန်အတွက် အရေးကြီးသော လမ်းကြောင်းတစ်ခုဖြစ်ပြီး ဗီယက်နမ်နှင့် တရုတ်နိုင်ငံ အကြား ခရီးသွားများအတွက် အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဗီယက်နမ် လေကြောင်းလိုင်းသည် တစ်ပတ်လျှင် အသွားအပြန် ၃၃ ကြိမ်ဖြင့် နှစ်နိုင်ငံကြား လမ်းကြောင်း ငါးခု ပြေးဆွဲပျံသန်းလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှု ၃၅၈,၀၀၀ ဖြင့် ဒုတိယအများဆုံး ဝင်ရောက်လာခဲ့ကြောင်း၊ ဗီယက်နမ်သည် တရုတ်ခရီးသွားများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်လာပြီး အနာဂတ်ကာလ ဗီယက်နမ် ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများဖြစ်ကြောင်း ပြသလျက်ရှိပါ သည်။

ဗီယက်နမ်နိုင်ငံ၏ယဉ်ကျေးမှုနှင့်သဘာဝအလှတရားများသည် တရုတ်ခရီးသွားများ ဗီယက်နမ်နိုင်ငံသို့ လာရောက်ရသည့် အကြောင်းရင်းဖြစ်ကြောင်း Agoda မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ်အတွင်း တရုတ်ခရီးသွားများရွေးချယ်သည့် ထိပ်တန်းနေရာ ၅ ခုမှာ ဟိုချီမင်း၊ ဟနွိုင်း၊ ညချမ်း၊ ဒါနန်းနှင့် ဖူးကွပ်ခ်ကျွန်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်လေကြောင်းလိုင်းပြန်လည်ပြေးဆွဲခြင်းဖြင့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား ခရီး သွားဖလှယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြရပါသည်။

 

 

Source : en.baochinhphuc.vn

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News