International News

အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းမှုအလားအလာကို မူတည်၍ အတိုးနှုန်းတိုးမြှင့်ရန် ဆိုင်းငံ့

Last Updated:

အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှုလားအလာကို မူတည်၍ အတိုးနှုန်းတိုးမြှင့်ရန် ဆိုင်းငံ့ထားကြောင်းကို The Wall Street Journal အွန်လိုင်းသတင်း၌ ၂၇-၁၀-၂၀၂၃ ရက်တွင် “Inflation Trends keep Fed Rates Hikes on Pauses” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် နွေရာသီ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် စက်တင်ဘာလတွင် ကျဆင်းခဲ့ပြီး အမေရိကန် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ယခင်အတိုင်းဆက်လက်ထန်းထားနိုင်သည့် အခြေအနေအထိ ကောင်းမွန်ခဲ့ကြောင်း၊ စားသုံးသူအသုံးစရိတ်ဈေးဆနှုန်းသည် ဩဂုတ်လနှင့် စက်တင်ဘာ လတို့တွင် (၀.၄) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို သက်ရောက်မှုရှိသည့် ဈေးနှုန်းများကိုလေ့လာစောင့်ကြည့်ခဲ့ပါကြောင်း၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ဗဟိုဘဏ်အစည်းအဝေးတွင် Core Inflation သည် (၃.၇) ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း၊ ဗဟိုဘဏ်သည် ကာလတိုအတိုးနှုန်းကို ဇူလိုင်လတွင် တိုးမြှင့်ခဲ့ပြီး ယင်းအတိုးနှုန်းသည် (၅.၂၅) ရာခိုင်နှုန်းမှ (၅.၅) ရာခိုင်နှုန်း အကြားရှိသဖြင့် (၂၂) နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ မကြာသေးမီကလည်း ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းကို တိုးမြှင့်လိုက်ပြီးနောက် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်လာသည်နှင့်အမျှ လတ်တလောတွင် အတိုးနှုန်းတိုးမြှင့်နိုင်မည်မဟုတ်ဟု ယူဆရကြောင်း၊ စားသုံးသူများသည် အနားယူအပန်းဖြေခြင်း၊ ခရီးသွားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများတွင် ငွေကြေးသုံးစွဲကြသဖြင့် ယခုနှစ်နွေရာသီတွင် လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌအနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်းကျင်းပမည့် အစည်းအဝေးတွင် အတိုးနှုန်းကို ယခုအတိုင်းဆက်လက်ထားရှိနိုင်သည်ဟု ယူဆရကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်စက်တင်ဘာလတွင် စားသုံးသူများအသုံးစရိတ်မှာ (၀.၇) ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက (၀.၄) ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသားများသည် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ခရီးသွားလာခြင်းတွင် ငွေကြေးအများဆုံးအသုံးပြုကြပြီး အိမ်ရာနှင့် ကျန်းမာရေး ဝန်ဆောင်မှု၊ ဆေးဝါးနှင့် မော်တော်ယာဉ်ဝယ်ယူခြင်းတို့တွင်လည်း ငွေကြေး သုံးစွဲကြပါကြောင်း၊ စားသုံးသူများ၏ သုံးစွဲမှုသည် ဝင်ငွေရရှိမှထက် (၀.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အသုံးစရိတ်နှင့် အခွန်များပေးဆောင်ပြီးနောက်ပိုင်း ငွေစုဆောင်းမှုပမာဏသည် စက်တင်ဘာလတွင် (၃.၄) ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း၊ ထိုကျဆင်းခဲ့သည့်ရာခိုင်နှုန်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ပိုင်းမှစ၍ တစ်ဦးချင်းစုငွေနှုန်း ရာခိုင်နှုန်းများအနက် အနည်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ စားသုံးသူများငွေပို၍သုံးစွဲလာခြင်းကြောင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှုသည် (၄.၉) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်ဟု ဖော်ပြကြပြီး ထိုသို့တိုးလာခြင်းသည် နွေရာသီတွင် သုံးစွဲခဲ့သည့် အသုံးစရိတ်များကြောင့် တက်လာခြင်းဖြစ်ကာ စတုတ္ထ သုံးလပတ်တွင်လည်း ထိုသို့တိုးတက်နိုင်မည်ဟု ယူဆ၍မရကြောင်း သုံးသပ်ရပါသည်။

 

 

 

(ခင်ဆွေဦး၊ ဝါရှင်တန်မြို့)

Category: International News