International News

တရုတ်နှင့် ပီရူးတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ ဆွေးနွေးပွဲကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်

Last Updated:

တရုတ်နှင့် ပီရူးနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အဆင့် မြှင့်တင်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် (၆)နှစ်အကြာတွင် အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ၂၈-၆-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ပီရူးသမ္မတ Dina Boluarte Zegarra သည် ၂၀၂၂ ခုနှစ်တွင် သမ္မတတာဝန် စတင်ထမ်း ဆောင်ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့စဉ် တရုတ် သမ္မတ Xi Jinping နှင့် ပေကျင်းမြို့တွင် တွေ့ဆုံပြီးနောက် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မာ စေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုနှစ်ခုအကြား အပြန် အလှန်လေ့လာသင်ယူမှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားလာစေရန်အတွက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် ပီရူးနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပီရူးနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်သည့် ပထမ ဆုံးလက်တင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံးလက်တင်အမေရိကနိုင်ငံ လည်းဖြစ်ကြောင်း သိရှိရပါသည်။

ပီရူးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များနှင့်ကိုက်ညီသော အရည်အသွေးမြင့် Belt and Road ပူးပေါင်းဆောင်ရွက်မှု၊ သတ္တုနှင့် ကုန်ထုတ်လုပ်မှုကဲ့သို့သော နယ်ပယ်များနှင့် စွမ်းအင်သစ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးအပါအဝင် ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ရန် Xi က တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပီရူးမှ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ကြိုဆိုကြောင်း နှင့် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှု အတွက် အခွင့်သာသော ဥပဒေနှင့် မူဝါဒများကို ပီရူးအစိုးရဘက်မှ ပံ့ပိုးပေးမည်ဟု မျှော်လင့် ကြောင်း Xi က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Belt and Road Initiative အောက်ရှိ အဓိကစီမံကိန်းဖြစ်သည့် Chancay Port အချိန်မီ ပြီးစီးရေးအတွက် ပူးပေါင်းကြိုးပမ်းမှုများ ပြုလုပ်ရန် Xi က တောင်းဆိုခဲ့ပြီး Chancay မှ Shanghai သို့ လမ်းကြောင်းသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပီရူးလူငယ်ကျောင်းသားများအတွက် ပညာသင်ဆုများ ပိုမိုပံ့ပိုးပေးမည် ဖြစ်ပြီး ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် တရုတ်-လက်တင်အမေရိက ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန် တန်ဖိုးထားပြီး ပီရူးနိုင်ငံ၊ အခြားလက်တင်အမေရိကနိုင်ငံများ၊ ကာရေဘီယံနိုင်ငံများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ငါးရက်ကြာ လာရောက်အလည်အပတ်ရောက်ရှိနေသော ပီရူးသမ္မတ Boluarte က ပီရူးရှိ တရုတ်စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များသည် ပီရူးနိုင်ငံအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးရုံသာမက အဆင့်မြင့်ကျွမ်းကျင်မှု နှင့် အတွေ့အကြုံများကိုလည်း ယူဆောင်လာသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပီရူးနိုင်ငံသည် တရုတ်နိုင်ငံ၏ ကြီးမားသောအောင်မြင်မှုများကို လေးစားမိပြီး တရုတ် နိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် မျှော်လင့်ကြောင်း သူမက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၂၄ ခုနှစ်မှ ​​၂၀၂၉ ခုနှစ်အတွင်း အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ်တစ်ရပ်ကို လက်မှတ်ရေးထိုး ခြင်းနှင့် ကုန်သွယ်မှုနှင့် စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုနှင့် အခြားနယ်ပယ်များ တွင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲများသို့ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202406/29/WS667f4a46a31095c51c50b6c4.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

 

 

Category: International News