International News

ထိုင်းနိုင်ငံရှိ သိုလှောင်ရုံ ၂ ခုတွင် သိမ်းဆည်းထားသည် ၁၀ နှစ်ကြာသည့်တိုင် ကောင်းမွန်သော အခြေ အနေတွင် ရှိနေဆဲဖြစ်သည့် ဆန်များအတွက် တင်ဒါခေါ်ယူသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ ယင်လတ်အစိုးရလက်ထက်ကတည်းက စူရင်ရှိ သိုလှောင်ရုံများတွင် သိမ်းဆည်း ထားသည့် ၁၀ နှစ်သက်တမ်းရှိသော ဆန်အိတ်များသည် အရည်အသွေးကောင်းမွန်နေဆဲ ဖြစ်ကြောင်း၊ အဆိုပါ ဆန်များအတွက် လာမည့် ရက်သတ္တပတ်တွင် တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ဝန်ကြီးနှင့်အတူ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဆန်သုတေသနပညာရှင်များ၊ ဆန်စက် အသင်း၊ ဆန်ပို့ကုန်လုပ်ငန်းရှင်များနှင့် သတင်းထောက်များသည် စူရင်ရှိ Kittichai သိုလှောင်ရုံနှင့် Poolphol Trading Co သိုလှောင်ရုံများသို့ သွားရောက်ကာ နှစ်ပေါင်း ၁၀ နှစ်ကျော် ကြာသည့်တိုင် အရည်အသွေးကောင်းမွန်ဆဲနှင့် စားသုံး၍ ရနေဆဲဖြစ်ကြောင်း သေချာစေရန်အတွက် နမူနာအဖြစ် ကြည့်ရှုရန် သွားရောက်ခဲ့ပါကြောင်း၊ ဝန်ကြီးချုပ်ဟောင်း ယင်လတ်အစိုးရလက် ထက်တွင် မိတ်ဆက်ခဲ့ သော Rice-pledging အစီအစဉ်အရ ဆန်များကို သိုလှောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သိုလှောင်ရုံ ၂ ခုတွင် ဆန်တန်ချိန် ၁,၅၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

မတ်လအတွင်း သိုလှောင်ရုံများသို့ ဝန်ကြီးသွားရောက်ခဲ့သည့် ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ဆန် ကျွမ်းကျင်ပညာရှင်က ဆန်များသည် ကောင်းမွန်သော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်းနှင့် စားသုံး၍ ရနိုင်သေးကြောင်း ပြောကြားခဲ့သော်လည်း ၆-၅-၂၀၂၄ ရက်နေ့ ဝန်ကြီးနှင့်အတူ ထပ်မံသွား ရောက်ခဲ့သည့် ခရီးစဉ်၌ အဆိုပါ ပညာရှင်က ၁၀ နှစ်ကြာ သိုလှောင်ထားသည့် ဆန်များသည် စားသုံး၍ရနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်ပါကြောင်း၊ ဝန်ကြီးဆောင်ရွက်လိုသည့် ဆန်များကို လေလံ  တင်ရောင်းချမည်ဆို သည်မှာလည်း မဖြစ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးက ထောက်ပြသည့်အချက်ကို လက်မခံဘဲ ဆန်များ ပျက်စီးသည်ဆိုသည်မှာ မည်ကဲ့သို့ ထိန်းသိမ်းထားသည်ဆိုသည့်အချက်ပေါ်တွင် မူတည်ပါကြောင်း၊ ကောင်းမွန်စွာထိန်းသိမ်းထားပါက ကြာရှည်ခံနိုင်ပြီး ဆိုးရွားစွာ ထိန်းသိမ်းပါက ၁ နှစ်ပြီးနောက် ပျက်စီးနိုင်ပါကြောင်း၊ သိုလှောင်ရုံ ၂ ခုလုံး ရှိ ဆန်များကို ဂရုတစိုက် ထိန်းသိမ်းထားခြင်းဖြစ်ပြီး မကြာခဏ ပိုးမွှားသန့်စင်ပေးခြင်းနှင့် သန်းရှင်း ရေးတို့ ဆောင်ရွက်ပေးရုံသာမက ငှက်များနှင့် မိုးရေဝင်ရောက်ခြင်းမရှိစေရန် လုံခြုံစွာ ပိတ်ထားပါ ကြောင်း၊ တင်ဒါခေါ်ယူခြင်းကို လျင်လျင်မြန်မြန်ဆောင်ရွက်သွားမည် ဖြစ်ပြီး တင်ဒါမှ ဘတ် ၂၀၀ သန်း မှ ၄၀၀ သန်းထိ ရရှိရန်ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News