International News

ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍပို့ကုန်ကျဆင်းမှုကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို လျော့ နည်းခန့်မှန်းခဲ့

Last Updated:

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးအလားအလာအရ GDP ကို ၂.၂ ရာခိုင်နှုန်း တိုးတက် မည်ဟု ခန့်မှန်းထားရခြင်းမှာ  ထုတ်လုပ်မှုကဏ္ဍပို့ကုန်ကျဆင်းမှုကြောင့် ဖြစ်ကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) က  ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

စီးပွားရေးတိုးတက်မှုသည် ၂.၂ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်း၊ ပို့ကုန်ကျဆင်းမှုသည် ၀.၅ ရာခိုင် နှုန်းမှ ၁.၅ ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှုသည် ၀.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်း အသီးသီး ဖြစ်ပါကြောင်း၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းပဋိပက္ခများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှု သည် ၃.၃ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ ၏ ထုတ်လုပ်မှုညွှန်ကိန်းသည် ၅.၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၈ လဆက်တိုက်ကျ ဆင်းလျက်ရှိပါကြောင်း စက်မှုစီးပွားရေးရုံးက ထုတ်ပြန်ထားပါသည်။

အစိုးရ၏ တစ်ရက်အနည်းဆုံးလုပ်ခလစာ ဘတ် ၄၀၀ တိုးမြှင့်ပေးမည့် အဆိုပြုလွှာကို ရှေ့ဆက် မတိုးသင့်ကြောင်း စီးပွားရေးညွှန်ပြချက်များက ထောက်ပြလျက်ရှိကြောင်း၊ လုပ်ခလစာတိုးမြှင့်မည့် အစီအစဉ်ကို အောက်တိုဘာ ၁ ရက်နေ့မှသာ စတင်ရန် အစိုးရကို တောင်းဆိုခဲ့သည့် ထိုင်းကုန်သည် ကြီးများအသင်း၏ အဆိုပြုချက်ကို ကော်မတီအနေဖြင့် ထောက်ခံပါကြောင်း၊ အဆိုပြုလွှာအပေါ်  ပြန်လည်စဉ်းစားရန် အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြနိင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လစာတိုးမြှင့်မှုသည် လုပ်သားအင်အားများသည့် ထုတ်လုပ်မှုနှင့် အစားအသောက်ရောင်းချသည့် ဈေးသည်များကဲ့သို့သော လုပ်ငန်းငယ်များတွင် သက်ရောက်မှုရှိပါကြောင်း၊ လုပ်ငန်းများသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုနှင့် ပြည်သူတို့၏ ဝယ်လိုအားကျဆင်းလာမှုတို့အတွက် ရုန်းကန်နေရပါကြောင်း Mr. Kriengkrai က သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသားများအတွက် အနည်းဆုံးလုပ်ခ လစာ တိုးမြှင့်ပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ခဲ့ပြီး ပြည်နယ်အလိုက် ဘတ် ၃၃၀ မှ ၃၇၀ ကြားဖြစ်ပါကြောင်း၊ သုံးပွင့်ဆိုင်လုပ်ခလစာ ကော်မတီက ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်များနှင့် ပြည်နယ် ၁၀ ခုရှိ အနည်းဆုံးအလုပ်သမား ၅၀ ဦးရှိသော ကြယ် ၄ ပွင့်အဆင့်ရှိဟိုတယ်များအတွက် လစာကို ဘတ် ၄၀၀ ထိတိုးမြှင့်ရန် အတည် ပြုခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပါကြောင်း၊ အခြားနယ်ပယ်များနှင့် လုပ်ငန်းအမျိုးအစားအလိုက် လစာတိုးမြှင့်ပေးသွားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ Joint Standing Committee on Commerce, Industry and Banking (JSCCIB) က စီးပွားရေးအလားအလာ တိုးတက်မှုနှုန်းကို ကမ္ဘာ့ကုန်သွယ်ရေးနှေးကွေးလာမှု၊ အနည်းဆုံးလုပ်ခတိုးမြှင့်ပေးရန် လျာထားမှုနှင့်ထုတ်လုပ်မှုကုန်ကျစရိတ်တိုးမြှင့်လာမှုအပေါ်မူတည်၍ လျော့နည်းခန့်မှန်းထားခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News