International News

ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်အခြေအနေပြန်လည်ကောင်းမွန်လာခဲ့ပြီး ၆.၈ ရာခိုင်နှုန်း တိုးတက် မှုရှိခဲ့

Last Updated:

မတ်လအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၁၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေး တိုးတက်လာမှုနှင့် ကမ္ဘာတစ်ဝှမ်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း သက်သာလာသဖြင့် ဧပြီလအတွင်း ပို့ကုန်တိုးတက်မှု ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း သိရှိရပါသည်။

ဧပြီလအတွင်း အကောက်ခွန်အခြေခံ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃.၃ ဘီလီယံထိ ရောက်ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယံထိရောက်ရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁.၆၄ ဘီလီယံဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပထမ ၄ လအတွင်း နိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၉၄.၃ ဘီလီယံရှိပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရှိသဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

စိုက်ပျိုးရေးနှင့် လယ်ယာစက်မှုထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၉၄ ဘီလီယံထိ ရောက်ရှိခဲ့ပါကြောင်း၊ ၎င်းနောက် ဆန် ၉၁.၅ ရာခိုင်နှုန်း၊ ရာဘာ ၃၆.၂ ရာခိုင်နှုန်း၊ စည်သွတ်ဗူးနှင့် ပြုပြင်ပြီး ပင်လယ်စာ ၁၄.၈ ရာခိုင်နှုန်း၊ အိမ်မွေးတိရစ္ဆာန်အစာ ၅၂.၉ ရာခိုင်နှုန်း၊ ပြုပြင်ပြီး ကြက်သား ၁၇.၂ ရာခိုင်နှုန်း၊ အချိုရည် ၁၀.၅ ရာခိုင်နှုန်း၊ စည်သွတ်ဗူးနှင့် ပြုပြင် ပြီး အသီး ၂၁.၅ ရာခိုင်နှုန်းနှင့် ဆော့စ်နှင့် ဟင်းခတ်အမွှေးအကြိုင် ၂၃.၂ ရာခိုင်နှုန်း အသီးသီးတိုးတက် ခဲ့ပါကြောင်း သိရှိရပါသည်။

စက်မှုထုတ်ကုန် ပို့ကုန်သည်လည်း ၉.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလီယံသို့ ရောက်ရှိခဲ့ပါကြောင်း၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းပို့ကုန် ၂၀.၄ ရာခိုင်နှုန်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ၆၂ ရာခိုင်နှုန်း၊ စက်ယန္တရားများ ၅၈.၈ ရာခိုင်နှုန်း၊ လေအေးပေးစက် များ ၁၂.၉ ရာခိုင်နှုန်း၊ သံနှင့်သံမဏိ ၂၃.၃ ရာခိုင်နှုန်း နှင့် လျှပ်စစ်ထရန်စဖော်မာ ၃၂.၄ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဧပြီလအတွင်း ကုန်သွယ်မှုနိုင်ငံများအကြား ငွေကြေးဖောင်းပွမှုနှုန်း သက်သာလာခဲ့ခြင်း၊ အမှာစာများ တိုးတက်လာမှုကြောင့် စက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်လာခဲ့ခြင်း နှင့် ကမ္ဘာ့ဈေး ကွက်တန်ဖိုး မြင့်တက်လာသဖြင့် စိုက်ပျိုးရေးထုတ်ကုန်ဝယ်လိုအားသည်လည်း သိသိသာသာတိုး တက်လာခဲ့ခြင်းတို့သည် ပို့ကုန်တိုးတက်လာသည့် အချက်များဖြစ်ပါကြောင်း၊ ဒူးရင်းသီးရာသီ ရောက်ရှိ လာပြီဖြစ်သဖြင့် သစ်သီးပို့ကုန်တိုးတက်လာနိုင်ပြီး ပို့ကုန်တိုးတက်မှု ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းရပါကြောင်း၊ ဒုတိယ ၃ လပတ်အတွက် ပို့ကုန်တိုးတက်မှုသည် ၀.၈၁ ရာခိုင်နှုန်း ရှိနိုင်မည် ဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ ပထဝီဝင်နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်နေသဖြင့် ဝန်ကြီးဌာန၏ ပို့ကုန်မျှော်မှန်းချက်သည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအကြား ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ပူပြင်း ခြောက်သွေ့သော ရာသီဥတု၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့၏ စီးပွားရေး ကျဆင်းနေမှုနှင့် မြန်မာနိုင်ငံ မြဝတီရှိ ပဋိပက္ခများသည်  ပို့ကုန်အလားအလာအပေါ် ဖိအားဖြစ်စေသည့် အချက်များဖြစ်ပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။

ဆန်၊ ရာဘာ၊ မော်တော်ကားအစိတ်အပိုင်းများနှင့် လျှပ်စစ်ပစ္စည်းများ၏ ပို့ကုန်အရှိန်အဟုန် ကြောင့် ဒုတိယ ၃ လပတ်တွင် ပို့ကုန်သည် ၁ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊ ပင်လယ်နီအတွင်း ပြဿနာများကြောင့် သင်္ဘောတင်ပို့စရိတ်များမြင့်တက်လာနိုင်ကြောင်း၊ ထုတ်လုပ် မှုကုန်ကျစရိတ်လျှော့ချရန်နှင့် တရုတ်နှင့် အမေရိကန်တို့၏ ဈေးကွက်ကျဆင်းလာသဖြင့် အလား အလာကောင်းသော ဈေးကွက်သစ်များ ရှာဖွေပေးရန် ရည်ရွယ်၍ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူး များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း Thai National Shippers’ Council (TNSC) ၏ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံအစိုးရက အစားအစာနှင့် အထည်အလိပ်ကဏ္ဍတွင် Soft Power ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News