International News

ထိုင်းနိုင်ငံအတွင်းသို့ တန်ဖိုးနည်းတင်သွင်းကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် နိုင်ငံအတွင်းမှ စက်ရုံများ ပိတ်သိမ်းမှုကြုံတွေ့နေရ

Last Updated:

အမှာအော်ဒါများ ကျဆင်းမှုနှင့် တန်ဖိုးနည်းတင်သွင်းကုန်ပစ္စည်းများကြောင့် ယခုနှစ်အတွင်း ထိုင်းပြည်တွင်း အီလက်ထရောနစ်၊ သံမဏိနှင့် ပလတ်စတစ်စက်ရုံများ ပိတ်သိမ်းမှုကြုံတွေ့နေရ ကြောင်း စက်မှုဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

ပိတ်သိမ်းမှုများသည် စက်ရုံ၏ ရင်းနှီးမြှုပ်နှံတန်ဖိုးအလိုက် စဉ်ထားခြင်းဖြစ်ကြောင်း၊ ပိတ်သိမ်း သွားသော အီလက်ထရောနစ်အစိတ်အပိုင်းများနှင့် ပရင့်ဆားကစ်စ်ပြားစက်ရုံများသည် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမြင့်ဆုံး ဘတ် ၂.၂၉ ဘီလီယံ ရှိပါကြောင်း၊ သံနှင့်သမဏိစက်ရုံများသည် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၁.၄၅ ဘီလီယံဖြင့် ဒုတိယဖြစ်ပြီး ပလတ်စတစ်စက်ရုံများသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၉၃၀ သန်းဖြင့် တတိယဖြစ်ပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၄ ဘီလီယံရှိသည့် စက်ရုံပေါင်း ၄၈၈ ရုံသည်  ၎င်းတို့၏ လုပ်ငန်းများကို စွန့်ခွာခဲ့ကြပြီး လုပ်သား ၁၂,၅၅၁ ဦးကို အလုပ်မှအနားပေး ခဲ့ပါကြောင်း၊ ယင်းသို့ဖြစ်ပွားရခြင်းမှာ နိုင်ငံခြားတိုင်းပြည်များမှ တင်ပို့ကုန်စည်များကို ပြည်တွင်းလုပ်ငန်းများမှ ယှဉ်ပြိုင်နိုင်မှုမရှိသောကြောင့် ဖြစ်ကြောင်း၊ ပြည်တွင်း ထုတ်လုပ်သူများသည် ဈေးနှိမ့်ရောင်းချသည့် ပြိုင်ဘက်များကို မယှဉ်ပြိုင်နိုင်ပါကြောင်း၊ အချို့မှာ ၎င်းတို့၏ ထုတ်လုပ်မှုအခြေစိုက်များကို လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်များမှာ ခံစားခွင့်ကို ရယူ ၍ အိမ်နီးချင်းနိုင်ငံများသို့ နေရာရွှေ့ပြောင်းရန် ဆုံးဖြတ်ကြပါကြောင်းစက်မှုဝန်ကြီး Ms. Pimphattra Wichaikul က ပြောကြားခဲ့ပါသည်။

တရုတ်မှ ကုန်စည်များ အလုံးအရင်းဝင်ရောက်လာမှုကြောင့် ယခုနှစ်အတွင်း ပြည်တွင်းသံမဏိ ထုတ်လုပ်သူများသည် ၎င်းတို့၏ လုပ်ငန်းများကို ပိတ်သိမ်းကြခြင်းဖြစ်ကြောင်း၊ တရုတ်သွင်းကုန်များ ကြောင့် ထိုင်းသံမဏိစက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည်များကို နှောင့်နှေးစေပြီး ဇန်နဝါရီလမှ ဖေဖော် ဝါရီလအတွင်း ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း EAF Long Product Steel Producers Association က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုညွှန်ကိန်းကို ယခင်က ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင် မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယခုအခါ ၁ ရာခိုင်နှုန်းသို့ လျော့နည်းခန့်မှန်းခဲ့ပါကြောင်း၊ အစား အစာ၊ တိရစ္ဆာန်အစာနှင့် ဓာတ်မြေဩဇာကဏ္ဍအချို့တွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ချမှတ်ထားပါ ကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News