International News

အိန္ဒိယနိုင်ငံသည် ယခုဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန်ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော် စံချိန်တင် ရောင်းချရဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန်ကို အရှေ့အလယ်ပိုင်းဒေသ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့ကဲ့သို့ ဈေးကွက်အသီးသီးမှဝယ်လိုအားမြင့်တက်လာသည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ၅ ဘီလီယံကျော် စံချိန်တင် တင်ပို့ရောင်းချရဖွယ်ရှိကြောင်း သိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ပထမ(၁၀)လတာကာလအတွင်း ဘာစမာတီဆန်တင်ပို့မှု ၂၀ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကာ ကန်ဒေါ်လာ ၄ ဒသမ ၅၈၆ ဘီလီယံအထိ ရရှိခဲ့ပြီးဖြစ်သည်။

ရာမာဒန်(Ramadan)ပွဲတော်ရာသီနီးကပ်လာပြီဖြစ်သဖြင့် အဆိုပါပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၅ ဘီလီယံကို ကျော်လွန်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဘာစမာတီဆန်တင်ပို့ရောင်းချမှုတန်ဖိုးမှာ နှစ်အလိုက်တက်ကျပြောင်းလဲလျက်ရှိပြီး လွန်ခဲ့သော ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၄ ဒသမ ၈၇ ဘီလီယံအထိ စံချိန်တင် တင်ပို့နိုင်ခဲ့သည်။

၁၉၉၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်ဈေးကွက်အသီးသီးရှိ ဘာစမာတီဆန်စားသုံးမှုမှာ တန်ချိန် ၀ ဒသမ ၅ သန်းမှ တန်ချိန် ၄ သန်းအထိ တိုးမြင့်လာကြောင်း၊ ကမ္ဘာ့ဆန်ရောင်းဝယ်မှုစုစုပေါင်းတွင် ဘာစမာတီဆန်၏ ဈေးကွက်ဝေစုမှာ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယဘာစမာတီဆန်၏ ဖြစ်ပေါ်တိုးတက်မှုကို ထင်ရှားသော အဆင့်(၃)ဆင့်ဖြင့် ခွဲခြားလေ့လာကြည့်ရှုနိုင်ကြောင်း၊ ပထမအဆင့်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)မှ သဘောတူခွင့်ပြုခဲ့သည့်အတွက် ဥရောပဈေးကွက်သို့ ပထမဦးဆုံးဝင်ရောက်နိုင်ကာ ဈေးကွက်စတင်ရရှိခဲ့ကြောင်း၊ ဒုတိယမှာ Pusa-1121 ဘာစမာတီဆန်မျိုးကွဲကို စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ပြီးနောက် အီရန်ဈေးကွက်တွင် အဆိုပါဆန်မျိုးကွဲကို ကြိုက်နှစ်သက်သူ တိုးတက်များပြားလာခြင်းဖြစ်ကြောင်း၊ တတိယအနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် အခြေချနေထိုင်သော အိန္ဒိယလူမျိုးဦးရေတိုးတက်များပြားလာသည့်အတွက် ၎င်းဆန်ဝယ်ယူမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။

“အရေးကြီးသည့်အချက်က လွန်ခဲ့သည့်(၆)နှစ်တာကာလအတွင်း ဥရောပသို့ ဘာစမာတီဆန်တင်ပို့မှုကျဆင်းလာခဲ့တာပါ။ အဆိုပါအခြေအနေကိုကာကွယ်နိုင်မည်ဆိုပါက ပို့ကုန်ကန်ဒေါ်လာ ၅ ဘီလီယံကို ကျနော်တို့ စောစောစီးစီးကျော်ဖြတ်သွားနိုင်ပါတယ်။” ဟု ကုန်သွယ်ရေးလေ့လာသူနှင့် “ဒေသဆိုင်ရာ အညွှန်းသဘာဝသမိုင်း(The Natural History Geographical Indication)” အမည်ရှိ ဘာစမာတီဆန်အကြောင်းစာအုပ်အား ရေးသားထုတ်ဝေခဲ့သူ S Chandrasekaran က ပြောကြားခဲ့သည်။

အဆိုပါဆန်၏တန်ဖိုးသတ်မှတ်ချက်နှင့်ပတ်သက်၍လည်း လွန်ခဲ့သောနှစ်(၃၀)ကို ပြန်ကြည့်ပါက အားရဖွယ်မရှိကြောင်း၊ အဓိကမှာ ဘာစမာတီဆန်ကို အခြားပို့ကုန်များနှင့်အတူ ရောနှောသတ်မှတ်ထားသည့်အတွက် ရှိသင့်သည့်တန်ဖိုးမရှိပဲ၊ ဈေးကောင်းမရရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များနှင့် အစိုးရအနေဖြင့် ဈေးနှုန်းတည်ငြိမ်ရန်နှင့် သတ်မှတ်သောနှုန်းထားတစ်ခုအထက်၌ ပရီမီယမ်အဆင့်ဈေးနှုန်းမျိုးရရှိစေရန် ဆောင်ရွက်သင့်ပါကြောင်း၊ ဘာစမာတီဆန်ပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက်ရှာဖွေဖော်ဆောင်မှု (marketing 2.0) ကို အကောင်အထည်ဖေါ်ဖို့ အဓိကကျပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိကာလအတွင်း နိုင်ငံ(၅)ခုမှ ဘာစမာတီဆန်ကို အများဆုံးဝယ်ယူခဲ့ပြီး၊ စုစုပေါင်းတန်ချိန် ၃ ဒသမ ၅၄ သန်းပမာဏ၏ ၅၈ ဒသမ ၄၃ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် စုစုပေါင်းကန်ဒေါ်လာ ၄ ဒသမ ၅၈၆ ဘီလီယံ၏ ၅၇ ဒသမ ၇၂ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ တန်ချိန် ၆ ဒသမ ၇၅ သိန်း၊ တန်ဖိုး ကန်ဒေါ်လာ ၇၈၀ သန်းဖြင့် အများဆုံးဝယ်ယူပြီး၊ အီရတ်နိုင်ငံက တန်ချိန် ၅ ဒသမ ၀၁ သိန်း၊ တန်ဖိုး ကန်ဒေါ်လာ ၅၄၄ သန်းဖြင့် ဒုတိယအများဆုံးဝယ်ယူခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံက တန်ချိန် ၅ ဒသမ ၁၆ သိန်း နှင့် တန်ဖိုး ကန်ဒေါ်လာ ၅၁၉ သန်းဖြင့် တတိယအများဆုံးဝယ်ယူခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိကာလအတွင်း အမေရိကန်ပြည်ထောင်စုက ယူအေအီးနိုင်ငံအား ကျော်တက်ပြီး စတုတ္ထနေရာကို ရယူခဲ့ကြောင်း၊ ၎င်းက ဘာစမာတီဆန်တန်ချိန် ၁ ဒသမ ၇၅ သိန်းနှင့် တန်ဖိုးကန်ဒေါ်လာ ၂၂၈ သန်းဝယ်ယူခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ၎င်းသည် အိန္ဒိယဘာစမာတီဆန်ကို ဆဌမအများဆုံးဝယ်ယူသည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန်ကို ကန်ဒေါ်လာ ၅ ဘီလီယံတန်ဖိုးအထိ စံချိန်တင်ရောင်းချနိုင်ရန် မျှော်မှန်းထားသည့်အခြေအနေနှင့် ဥရောပ၊ ယူကေနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသည် အဓိကဈေးကွက်များဖြစ်ကြကြောင်း သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။    The Hindu Businessline, Basmati exports set to top record $5 billion-mark this fiscal

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News