International News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ လအတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကာ ၄ လတာကာလအတွင်း ပထမဆုံးအကြိမ်မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၄-၁၁-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် လတ်ဆတ်သည့်အစားအစာများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ စက်တင်ဘာလအတွက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၃ လတာကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ၂.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယခုအောက်တိုဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်းပြန်လည်မြင့်တက်လာရခြင်းမှာ လောင်စာဆီနှင့်လျှပ်စစ်ဓာတ်အားခနှုန်းထားများအပေါ် အစိုးရက အထောက်အပံ့ပေးသည့် အစီအစဉ်များ လျော့နည်းကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ဟိုတယ်ခများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပြည်ပမှ ခရီးသွားများလာရောက်မှုမြင့်တက်ခဲ့ခြင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် အစိုးရမှ ပြည်တွင်းခရီးသွားလာမှုမြှင့်တင်နိုင်ရေး အားပေးသည့်အစီအစဉ်များကြောင့် ဟိုတယ်ခများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၁၇.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ လတ်ဆတ်သည့် အစားအစာများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် စားသောက်ကုန်ဈေးနှုန်းများမှာ စက်တင်ဘာလတွင် ၈.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ အောက်တိုဘာလတွင် ၇.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ဂျပန်ဗဟိုဘဏ်၏သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ၁၉ လဆက်တိုက်ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ကုန်စည်များအားလုံးကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ အောက်တိုဘာလတွင် ၃.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စားသောက်ကုန်နှင့်လောင်စာဆီဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အလုပ်ရှင်နှင့် အလုပ်သမားသမဂ္ဂအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးသည့်အတွက် ၂၀၂၄ ခုနှစ် နွေဦးအကုန်တွင် လစာနှုန်းထားများတိုးမြှင့်ပေးရန် ဂျပန်ဝန်ကြီးချုပ်ခီရှိဒါအနေဖြင့် မျှော်လင့်ထားပြီး ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေကိုလည်း အလေးထားစောင့်ကြည့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏လစာနှုန်းထားများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၂.၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၁၈ လဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခနှင့်လောင်စာဆီဈေးနှုန်းများလျော့ကျစေရေးအတွက် အထောက်အပံ့ပေးသည့်အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသော်လည်း သွင်းကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ဝယ်ယူသုံးစွဲသူများအပေါ် သက်ရောက်နိုင်မှုမှာ မျှော်မှန်းထားသည်ထက် များပြားလျက်ရှိသည့်အတွက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဆက်လက်မြင့်တက်နိုင်မည်ဖြစ်ပါသည်။ လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ၂၀၂၄ ခုနှစ်တွင် အစိုးရမှ စွမ်းအင်ဈေးနှုန်းများအပေါ် ထောက်ပံ့ပေးမှုအစီအစဉ်များ လျော့နည်းလာနိုင်မည်ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ဘဏ္ဍာနှစ်အထိ ဂျပန်ဗဟိုဘဏ်၏သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင် နှုန်းကို ဆက်လက်၍ ကျော်လွန်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

Source: The  Nikkei Asia (၂၄-၁၁-၂၀၂၃)                                                                               

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News