International News

ရုရှားအစိုးရက ခရမ်းချဉ်သီးတန်ချိန် ၁ သိန်းအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန် ခွင့်ပြုခဲ့

Last Updated:

ရုရှားဖက်ဒရေးရှင်းအစိုးရသည် ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ခရမ်းချဉ်သီးတန်ချိန် ၁၀၀,၀၀၀ အား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြှင့်တက်လာခြင်းကြောင့် ခရမ်းချဉ်သီးထုတ်ကုန်ဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ကြောင်း အစိုးရ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်တွင် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများ၌ ပါဝင်သူများအား ကုန်ထုတ်လုပ်မှုပမာဏများဖြန့်ဖြူးခြင်းဆိုင်ရာစည်းမျဉ်းများနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန်အတွက် လိုအပ်သောစာရွက် စာတမ်းများထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းများကို အတည်ပြုခဲ့သည်။ ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် အဆိုပါစာရွက်စာတမ်းများကို ထုတ်ပေးမည်ဖြစ်သည်။

ခရမ်းချဉ်သီးတင်သွင်းမှုအပေါ် အခြေခံအကောက်ခွန်နှုန်းထားသည် ကုန်စည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။

ဥရောပအာရှစီးပွားရေးကော်မရှင်(EEC) ကုန်သွယ်ရေးဝန်ကြီး Mr. Andrei Slepnev က စားသုံးသူ ဝယ်လိုအားတိုးလာပြီး ဖန်လုံအိမ်ခရမ်းချဉ်သီးထုတ်လုပ်မှု သိသိသာသာတိုးလာရန်မဖြစ်နိုင်သောကြောင့် သွင်းကုန်ထောက်ပံ့မှု သည် ရေတိုဈေးကွက်ကို ဟန်ချက်ညီအောင် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ရုရှားနိုင်ငံသည် နှစ်စဉ်ခရမ်းချဉ်သီးတန်ချိန် ၅ သိန်းခန့်တင်သွင်းလျက်ရှိပြီး အဓိကတင်သွင်းသောနိုင်ငံများမှာ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ တရုတ်၊ ဥစဘက်ကစ္စတန်၊ တူကီယဲ၊ အီရန်နှင့် အီဂျစ်နိုင်ငံများဖြစ်ပါသည်။ တရုတ်၊ တူကီယဲ၊ အီရန်နှင့် အီဂျစ်နိုင်ငံများ၏ ရောင်းချမှုဈေးနှုန်းသည် ပြည်တွင်းထုတ်ကုန်များ၏ဈေးနှုန်းနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါသည်။

Source :    https://www.interfax.ru/russia/953474

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News