International News

သန့်ရှင်းသော စွမ်းအင်အသုံးပြုရေးနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကဏ္ဍများတွင် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်ပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်း၊ ကွန်ယက်ချိတ်ဆက်ခြင်း၊ သန့်ရှင်းသောစွမ်းအင်အသုံးပြုခြင်းနှင့် အရေးပါသည့်သယံဇာတများထုတ်လုပ်သည့်ကဏ္ဍများတွင် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ခီရှိဒက ပြောကြားခဲ့ကြောင်း ၄-၄-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan, U.S., Philippines to cooperate in clean energy, chips: Kishida” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဝန်ကြီးချုပ်ခီရှိဒက ဖိလစ်ပိုင်နိုင်ငံကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများအတွက် ရွေးချယ်စရာနည်းလမ်းများကို ပံ့ပိုးပေးခြင်းဖြင့် ဂျပန်နိုင်ငံသည် ပိုမို၍တာဝန်ယူမှုနှင့် ကြီးမားသောတည်ရှိမှုကို ပြသရန်လိုအပ်လာပြီဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။ စင်ကာပူအခြေစိုက်သုတေသနအဖွဲ့မှ ကောက်ယူထားသည့် စစ်တမ်းတွင် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်အကြား ရွေးချယ်ရမည်ဆိုပါက အရှေ့တောင်အာရှနိုင်ငံများရှိ လူဦးရေ၏ထက်ဝက်ကျော်မှာ တရုတ်နိုင်ငံကို ရွေးချယ်ကြမည်ဖြစ်ကြောင်း စစ်တမ်းရလဒ်ထွက်ပေါ်ပြီးနောက် ဂျပန်ဝန်ကြီးချုပ်ခီရှိဒမှ ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အာရှ-ပစိဖိတ်ဒေသနှင့် အမေရိကန်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း၌ အင်အားကြီးထွားလာကြောင်း၊ ဂျပန်နိုင်ငံသည်လည်း ဒေသတွင်း၌ အင်အားကြီးထွားလာပြီး၊ အာရှဒေသရှိနိုင်ငံများအတွက် ရွေးချယ်ရန်နေရာတစ်ခုဖြစ်လာစေရန် အခြားနိုင်ငံများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဧပြီလ ၁၁ ရက်နေ့တွင် အမေရိကန်၌ ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်ခေါင်းဆောင်များအကြား သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးကျင်းပသွားမည်ဖြစ်ပြီး၊ ဒေသတွင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးနှင့် သုံးနိုင်ငံအကြား ခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်နိုင်ငံမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေး၊ ဖိလစ်ပိုင် နိုင်ငံမှ အင်ဂျင်နီယာများကို ဂျပန်နိုင်ငံမှ လေ့ကျင့်သင်ကြားပေးရေး၊ ဖိလစ်ပိုင်နိုင်ငံတွင် 5G ကွန်ယက်ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် အမေရိကန်မှ ဆောင်ရွက်ပေးရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးတိုးတက်စေရေးအတွက် တရုတ်၏နည်းပညာအပေါ် မှီခိုအားထားနေရမှုမရှိစေရေးဆောင်ရွက်သွားရန် ဂျပန်နှင့် အမေရိကန်မှ မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဆိုက်ဘာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်ဘက်ထရီများထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့် နီကယ်ထုတ်လုပ်သည့် ဖိလစ်ပိုင်နိုင်ငံမှ နီကယ်များ စဉ်ဆက်မပြတ်ထုတ်လုပ်ပံ့ပိုးပေးနိုင်ရေး၊ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအပါအဝင် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ စီးပွားရေးနှင့် နိုင်ငံ့လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားရန်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

အင်ဒို-ပစိဖိတ်ဒေသတွင်း၌ တရုတ်နိုင်ငံ၏ဩဇာလွှမ်းမိုးမှုကို လျှော့ချနိုင်ရေး၊ ဂျပန်နိုင်ငံသည် ၎င်း၏လုံခြုံရေးအတွက် အမေရိကန်နိုင်ငံနှင့်ပိုမိုနီးကပ်စွာဆက်ဆံနိုင်ရေး၊ အမေရိကန်နှင့်ဂျပန်နိုင်ငံတို့၏အဓိကထုတ်ကုန်များဖြစ်သည့် မော်တော်ယာဉ်ထုတ်လုပ်ရာတွင် လိုအပ်သည့်တစ်ပိုင်းလျှပ်ကူးပစ္စည်း စဉ်ဆက်မပြတ်ရရှိစေရေးစသည့်ကိစ္စရပ်များအပါအဝင် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် စီးပွား ရေးနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News