International News

ရေနံဖြတ်တောက်မှုများမှ GCC နိုင်ငံများ၏တိုးတက်မှုအပေါ် သက်ရောက်မှုများနှင့် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့၏ စွမ်းအင်မဟုတ်သော အခြားကဏ္ဍများမှ ခံနိုင်ရည်ရှိမှု

Last Updated:

ICAEW(Institute of Chartered Accountants in England and Wales) မှတာဝန်ယူပြီး Oxford Economics မှပြုစုထားသည့် အရှေ့အလယ်ပိုင်းဒေသအတွက် နောက်ဆုံးပေါ်စီးပွားရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုအစီရင်ခံစာတွင် ရေနံထုတ်လုပ်မှုလျှော့ချမှုများ ဆက်လက်တည်ရှိနေသဖြင့် ၂၀၂၄ ခုနှစ် အတွင်း စီးပွားရေးလုပ်ငန်းစီမံကိန်းများ နှေးကွေးလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

ပင်လယ်ကွေ့နိုင်ငံများ(GCC)အတွက် တိုးတက်မှုခန့်မှန်းချက်တွင် ပြီးခဲ့သည့်သုံးလက ၃.၉ % မှ ၂.၇ % သို့ လျော့ကျသွားခဲ့ပြီး ဆော်ဒီအာရေးဗျနှင့်ယူအေအီးနိုင်ငံများတို့တွင် စွမ်းအင်မဟုတ်သော အခြားကဏ္ဍများ၏ တိုးတက်မှုကို တွန်းအားပေးမည်ဟုခန့်မှန်းထားကြောင်း အဆိုပါအစီရင်ခံစာမှ ဖော်ပြထားပါသည်။

GCC နိုင်ငံများ၏စီးပွားရေးတိုးတက်မှုအပေါ် စွမ်းအင်ကဏ္ဍတွင်ဖိအားများကျဆင်းနေသော်လည်း၊ စွမ်းအင်မဟုတ်သည့် အခြားအားကောင်းသည့်ကဏ္ဍများမှ ၎င်းသက်ရောက်မှုအချို့ကို ကာမိရန်ခန့်မှန်းထားပါသည်။ သို့သော် လည်း ပင်လယ်နီနှင့် စူးအက်တူးမြောင်းကိုဖြတ်ကျော်ရသည့် သင်္ဘောလမ်းကြောင်းများမှအနှောင့်အယှက်များကြောင့် ကုန်စည်ပို့ဆောင်ရေးနှင့်ကုန်ကြမ်းစရိတ်များမြင့်တက်လာပြီး လာမည့်လများအတွင်း ဆုံးရှုံးမှုကြီးမားစွာဖြစ်လာနိုင်ကြောင်း အစီရင်ခံစာတွင်အကြံပြုတင်ပြထားပါသည်။

ဆော်ဒီအာရေးဗျနှင့် ယူအေအီးနိုင်ငံများတို့၏ GDP တိုးတက်မှုများသည် ၂.၁ % နှင့် ၄.၄ % သို့ ရောက်ရှိပြီး ပြီးခဲ့သည့်သုံးလက ၄.၄ % နှင့် ၄.၈ % အထိအသီးသီးရှိခဲ့ရာမှ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ပြောင်းလဲမှုများသည် တတိယသုံးလပတ်တွင် ရေနံဖြတ်တောက်မှု တဖြည်းဖြည်းလျော့ကျလာရာမှ ရေနံမဟုတ်သောအခြားအားကောင်းသည့် စီးပွားရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှုသက်ရောက်လာခဲ့ပါသည်။ မကြာမီကထုတ်ပြန်လိုက်သော အချက် အလက်များအရ ဆော်ဒီအာရေးဗျနိုင်ငံ၏ GDP တွင် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်က ၄.၄ % ရရှိခဲ့ပြီးနောက် စတုတ္ထသုံးလပတ် နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ၃.၇ % ကျဆင်းသွားကြောင်းတွေ့ရှိရပါသည်။ တစ်ချိန်တည်းမှာပင် ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သော GDP သည် ၂၀၂၃ ခုနှစ်တွင် ၅.၆ % ခန့်တိုးတက်လာခဲ့ပြီး စုစုပေါင်း GDP တိုးတက်မှု၏ ၃ % ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ပြီးခဲ့သည့်နှစ်က ရေနံဖြတ်တောက်မှုအစပျိုးပြီး အနိမ့်ဆုံးအခြေခံဈေးနှုန်းများသို့ ရောက်ရှိခဲ့ရာမှ ထွက်ပေါ်လာသောရလဒ်များအဖြစ် GCC နိုင်ငံများမှ ရေနံတင်ပို့မှုကျဆင်းခဲ့ပါသည်။ OPEC+ နိုင်ငံများသည်ပင်လျှင် ဒုတိယသုံးလပတ်တွင် ရေနံတင်ပို့မှုနှုန်းဖြတ်တောက်မှုကို ၎င်းတို့ဆန္ဒအလျောက်သက်တမ်းတိုးပေးခြင်းဖြင့် ဒေသတွင်းစွမ်းအင်ကဏ္ဍသည် ယခုနှစ်တွင်တိုးတက်ရန် အသင့်ရှိနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ စွမ်းအင်ကဏ္ဍတွင်တိုးတက်လာမှု ၁.၃ % ဖြင့် မနှစ်က ၅.၇ % ကျဆင်းမှုမှ သိသိသာသာပြောင်းလဲသွားမည်ဟု ခန့်မှန်းထားပါသည်။ အထူးသဖြင့် ဆော်ဒီအာရေးဗျတွင် ၂၀၂၃ ခုနှစ်က နှစ်အလိုက်နှိုင်းယှဉ်မှု ၉.၅ % အထိကျဆင်းသွားပြီးနောက် ယခုနှစ်တွင် ရေနံလုပ်ငန်းများ ၀.၇ % တိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားပါသည်။

GCC နိုင်ငံများရှိ စွမ်းအင်မဟုတ်သောအခြားစီးပွားရေးကဏ္ဍများတွင် အစိုးရနှင့်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများမှ ဆက်လက်အကျိုးအမြတ်ရရှိမည့်အနေအထားတွင် တည်ရှိနေပြီး ဆော်ဒီအာရေဗျနိုင်ငံသည် အထူးကြီးမားသောစီမံကိန်းများမှ ဘဏ္ဍာရေးရန်ပုံငွေရရှိနိုင်သည့် နည်းလမ်းများကို ဦးတည်ကာ Expo 2030 နှင့် FIFA World Cup 2034 စသည့် စီမံကိန်းကြီးများတို့ကို အာရုံစိုက်ဆောင်ရွက်ခြင်းအားဖြင့် ၎င်းတို့၏ Vision 2030 ကို ရှေ့သို့ရောက်ရှိစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ယူအေအီးနိုင်ငံတွင်လည်း 'We the UAE 2031' စသည့် အစီအစဉ်များကဲ့သို့သော ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 နှင့်အခြားမဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများပိုမိုအားကောင်းလာလိမ့်မည်ဟု ခန့်မှန်းထားကြောင်းနှင့် တစ်ချိန်တည်းမှာပင် ယခုဆယ်စုနှစ်နှောင်းပိုင်းတွင် ကာတာနိုင်ငံ၏သဘာဝဓာတ်ငွေ့ရည်(LNG)စွမ်းရည်လုပ်ငန်း တိုးချဲ့ဆောင်ရွက်နေသည့် အစီအစဉ်များသည် ကာလလတ်တွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို ရရှိစေလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍသည် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံများတို့၏ တိုးတက်မှုအစီအစဉ်များအတွက် အဓိကကျသောသော့ချက်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မနှစ်ကခရီးသည် ၈၆.၉ သန်းကို ကြိုဆိုနိုင်ခဲ့ပြီး၊ ဆော်ဒီအာရေဗျနိုင်ငံမှ မနှစ်က ခရီးသည် ၁၀၆.၂ သန်းကိုကြိုဆိုနိုင်ခဲ့သဖြင့် ကပ်ရောဂါအကြိုကာလက ကိန်းဂဏန်းများထက် ကျော်လွန်သွားခဲ့သလို ၂၀၂၂ ခုနှစ်ကထက် ၁၂ % တိုးတက်လာခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

အစီရင်ခံစာတွင် GCC နိုင်ငံများ၏ငွေကြေးဖောင်းပွမှုသည် အဓိကအားဖြင့် အိမ်ရာနေထိုင်မှုကုန်ကျစရိတ်များကြောင့် ၂.၅ %ဝန်းကျင်သို့ ရောက်ရှိမည်ဟုလည်း ခန့်မှန်းထားကာ ငွေကြေးဖောင်းပွမှု၏ အပြုသဘောဆောင်သော လမ်းကြောင်းများသည် Federal Reserve နှင့် GCC ဗဟိုဘဏ်များမှ ထပ်လောင်းအတိုးနှုန်းများတက်လာခြင်းအတွက် စိုးရိမ်မှုများကိုလျှော့ကျစေခဲ့ပါသည်။ ပထမဆုံးဖြတ်တောက်မှုသည် ဒုတိယသုံးလပတ်တွင် ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် အတိုးနှုန်းများတဖြည်းဖြည်းကျဆင်းလာလိမ့်မည်ဟု ခန့်မှန်းထားပါ သည်။ လျော့ရဲသော ငွေကြေးမူဝါဒသည် ဒေသတွင်းချေးငွေလုပ်ငန်းများတိုးတက်လာစေမည်ဖြစ်သလို အိမ်ခြံမြေလုပ်ငန်းကဏ္ဍအားကောင်းလာစေမည်ဖြစ်ကာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အရှိန်အဟုန်ဖြင့်ပံ့ပိုးလိမ့်မည်ဖြစ် ကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဆော်ဒီအာရေဗျနှင့်ယူအေအီး နှစ်နိုင်ငံစလုံးသည် မကြာသေးမီနှစ်များအတွင်းက ရေနံမှရရှိသည့် ဝင်ငွေအပေါ် မှီခိုအားထားနေရမှုမှကင်းဝေးစေမည့် အခြားစီးပွားရေးလုပ်ငန်းများကို အခြားသောနိုင်ငံများနှင့်မတူကွဲပြားအောင် တက်ကြွစွာစီစဉ်ဆောင်ရွက်မှုများဖြင့် အစပျိုးဆောင်ရွက်ခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများတိုးတက်မှုနှင့် စီးပွားရေးတည်ငြိမ်မှုတို့အတွက် ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ၎င်းတို့နိုင်ငံ၏စီးပွားရေးကို အခြားနိုင်ငံများနှင့်မတူကွဲပြားစေပြီး ရေနံအပေါ် မှီခိုမှုကိုလျှော့ချရန်အတွက် ပြီးပြည့်စုံသောအစီအစဉ်ဖြစ်သည့် ‘Vision 2030’ ကို စီမံဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့တွင် နိုင်ငံတကာခရီးသွားများကိုဆွဲဆောင်ရန်အတွက် ယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာများကို မြှင့်တင်ပေးလျက်ရှိပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားရှိပါသည်။ ၎င်းတို့၏မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပွဲလမ်းသဘင်များအား လက်ခံကျင်းပခြင်းကဲ့သို့သော ဖျော်ဖြေရေးလုပ်ငန်းအစပျိုးဆောင်ရွက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများအတွက် နည်းပညာအချက်အချာစင်တာများတည်ထောင်ထားရှိခြင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ စီးပွား ရေးလုပ်ငန်းများစတင်ခြင်းများအတွက် ရန်ပုံငွေထောက်ပံ့ခြင်းကဲ့သို့သော ပံ့ပိုးဆောင်ရွက်မှုများနှင့် မော်တော် ယာဉ်၊ အာကာသယာဉ်အစိတ် အပိုင်းများထုတ်လုပ်မှုများနှင့် ရေနံဓာတုဗေဒကဲ့သို့သော ဓာတု-စက်မှုလုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မည့် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်ထားသလို ပုဂ္ဂလိကကဏ္ဍတိုးတက်မှုကို လှုံ့ဆော်ရန်အတွက် အချို့သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များကိုလည်း ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဆောင်ရွက်ဆောင်ရွက်လျက်ရှိပါသည်။

ယူအေအီးနိုင်ငံတွင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် ကောင်းမွန်သောအစီအစဉ်ဖြစ်သည့် ‘Dubai Economic Agenda D33’ ကို စီမံဆောင်ရွက်လျက်ရှိပါသည်။ ဒူဘိုင်းနှင့်အဘူဒါဘီစသည့် မြို့ပြကြီးများတို့တွင် ဇိမ်ခံဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာကြီးများနှင့် ဖျော်ဖြေရေးနေရာများကဲ့သို့ ဆွဲဆောင်မှုရှိသော အဓိကခရီးသွားလုပ်ငန်းဗဟိုစင်တာများတည်ထောင်ခြင်း၊နိုင်ငံ၏ မဟာဗျူဟာကျသောတည်နေရာနှင့် ကမ္ဘာ့အဆင့်မီအခြေခံအဆောက်အအုံများ၊ ဝန်ဆောင်မှုများကိုတည်ထောင်ထားခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသတွင်းကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရောက်ရှိစေရန် စီမံဆောင်ရွက်ထားခြင်း၊ နိုင်ငံတကာဘဏ်လုပ်ငန်းများ၊ အာမခံနှင့်ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု လုပ်ငန်းများအပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှုများစွာကို ပေးဆောင်သည့် နိုင်ငံတကာဘဏ္ဍာရေးဗဟိုဌာနများတည်ထောင်ထားရှိခြင်း၊ နည်းပညာကဏ္ဍနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍများတို့တွင် ရင်းနှီးမြုပ်နှံမှုများစွာထားရှိပြီး နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများအတွက် လွပ်လပ်စွာကုန်သွယ်နိုင်သော စီးပွားရေးဇုန်များကဲ့သို့သော အစပျိုးဆောင်ရွက်မှုများနှင့် စမတ်မြို့ကြီးများအဖြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်မှုများအပြင် ဆော်ဒီအာရေဗျနှင့် ယူအေအီးနှစ်နိုင်ငံစလုံးသည် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုအားထားမှုကိုလျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင်လည်း ကြီးမား သော ရင်းနှီးမြှုပ်နှံမှုများဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

Source: focus.hidubai.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News