Local News

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၄၅၉၉၇၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၈ သန်းရရှိ

Last Updated:

ယခုဘဏ္ဍာနှစ် ဧပြီလမှဖေဖော်ဝါရီလကုန်အထိ  ၁၁  လတာကာလအတွင်း ပြည်ပနိုင်ငံပေါင်း ၄၀ ခန့်သို့  ရေထွက်ကုန်တန်ချိန် ၄၅၉၉၇၆  တန်  တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၅၅  ဒသမ ၆၈ သန်းရရှိကြောင်း   ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၏ပြောကြားချက်အရ သိရသည်။

အဆိုပါရေထွက်ကုန်များကို ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ထိုသို့တင်ပို့မှုများအနက် ပင်လယ်ရေကြောင်း၊ လေကြောင်းလိုင်းတို့မှတစ်ဆင့် ပုံမှန်ကုန်သွယ်ရေး (Normal Trade) ဖြင့် တင်ပို့မှုမှာ တန်ချိန်  ၂၁၉၀၀၀ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၃၇၆ သန်းခန့်ရရှိကာ ကျန်တင်ပို့မှုများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် အိမ်နီးချင်း နိုင်ငံများသို့ Border Trade အနေဖြင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။

“ဒီဘဏ္ဍာနှစ်အတွင်း မြန်မာ့ရေထွက်ကုန်တွေကို Border Trade အနေနဲ့ တင်ပို့တဲ့အထဲက ကော့သောင်းကုန်သွယ်ရေး စခန်းကနေတင်ပို့မှုက အများဆုံးဖြစ်ပါတယ်။ ဒီဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း ကော့သောင်းကုန်သွယ်ရေးစခန်းကနေ ရေထွက်ကုန်တန်ချိန် ၁၅၈၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် ရရှိခဲ့ပါတယ်”ဟု ဦးညွန့်ဝင်း ကပြောသည်။

ထို့ပြင်  မြဝတီ၊  မြိတ်၊ မောတောင်၊ စစ်တွေနှင့် ကျိုင်းတုံ  စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့်လည်း အိမ်နီးချင်းနိုင်ငံများသို့  မြန်မာ့ရေထွက်ကုန်များ  တင်ပို့ခဲ့ကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News