International News

(၂၃)ကြိမ်မြောက် အိန္ဒိယနိုင်ငံအပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲ(India International Mega Trade Fair-IIMTF 2024-25) တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသနိုင်ရန်နှင့်စပ်လျဉ်း၍ G.S Marketing Associates မှ အရောင်းဆိုင်ရာ ဥက္ကဌနှင့် စီးပွားရေးသံမှူးတို့ မြန်မာနိုင်ငံသို့ လာရောက်

Last Updated:

အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ (၂၃) ကြိမ်မြောက် အိန္ဒိယနိုင်ငံအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ(India International Mega Trade Fair-IIMTF 2024-25)တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန်နှင့်စပ်လျဉ်း၍ G.S Marketing Associates မှ အရောင်းဆိုင်ရာ ဥက္ကဌ Mr.Uptal Roy နှင့် စီးပွားရေးသံမှူး ဦးကောင်းထွဋ်အောင်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ သီတင်းပတ်(၁)ပတ်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့၊ နံနက်ပိုင်းအထိ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန တာဝန်ရှိသူများနှင့်လည်းကောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(နေပြည်တော်)တို့နှင့်လည်းကောင်း နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

အရောင်းဆိုင်ရာဥက္ကဌနှင့် စီးပွားရေးသံမှူးတို့သည် ရန်ကုန်မြို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ညီနောင်အသင်းတို့နှင့်လည်းကောင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ၎င်းတို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ သံရုံးဒုတိယ အကြီးအကဲဖြစ်သူ Mr. Ashish Sharma နှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပြီး၊ အဆိုပါကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ သွားရောက်ပါဝင်ပြသနိုင်ရေးနှင့်စပ်လျဉ်း၍ အပြုသဘောဆွေးနွေးရရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ မယ်လမုဘုရားအနီး၌ တည်ရှိသော မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်) သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်း အဝေးခန်းမတွင် ဌာနတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အဆိုပါကုန်စည်ပြပွဲ၌ မြန်မာ့လက်မှုအနုပညာလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးကိစ္စနှင့်ပတ်သက်၍ အသေးစိတ်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

အဆိုပါအိန္ဒိယနိုင်ငံအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ(India International Mega Trade Fair-IIMTF 2024-25)ကို ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုအလုပ်ငန်းရှင်များအသင်းချုပ်(The Bengal Chamber Of Commerce & Industry)နှင့် G.S Marketing Associates တို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ (၂၃)ကြိမ်မြောက်ကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့၊ သိပ္ပံမြို့တော်ဝန်းတွင် ယခုနှစ် ဒီဇင်ဘာလ(၂၀)ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ရန် လျာထားသတ်မှတ်ထားသည်။ ၎င်းကုန်စည်ပြပွဲသည် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အကြီးဆုံးနှင့် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲတစ်ခုဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့အထိ (၁၈) ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် (၂၂) ကြိမ်မြောက် အဆိုပါကုန်စည်ပြပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ပြခန်း(၂)ခန်းပါဝင်ပြသနိုင်ခဲ့သည်။ ကုန်စည်ပြပွဲသို့ နေ့စဉ်လာရောက်သူအရေအတွက် သိန်းနှင့်ချီရှိကာ တရားဝင်မှတ်တမ်းများအရ ပြပွဲကာလ(၁၈)ရက်အတွင်း လာရောက်လည်ပတ်သူပေါင်း(၂,၁၁၀,၅၆၄)ဦးခန့်ရှိကြောင်း၊ နိုင်ငံပေါင်း(၁၇)နိုင်ငံနှင့် အိန္ဒိယပြည်နယ်(၂၂)ခုမှ ပြခန်းပေါင်း (၁,၈၅၃) ခန်းပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများမှ ပါဝင်ပြသခြင်းအားဖြင့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ကြီးမားသော အိန္ဒိယနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပြသနိုင်ခြင်း၊ စီးပွားရေးအဆက်အသွယ်ကောင်းများရရှိနိုင်ခြင်းနှင့် အဆိုပါဈေးကွက်သို့ ထိုးဖေါက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်ပါသည်။ အဆိုပါကုန်စည်ပြပွဲသို့ ကုန်သည်၊ လုပ်ငန်းရှင်တစ်ဦးချင်းမှ တစ်ဦးတစ်ယောက်ချင်းပါဝင်ပြသသည်ထက် စနစ်တကျစုစည်းဆောင်ရွက်၍ စုပေါင်းပါဝင်ပြသနိုင်မည်ဆိုပါက စရိတ်စကသက်သာပြီး အကျိုးကျေးဇူးပိုမိုရရှိနိုင်ပါကြောင်း သိရှိနိုင်ရေး လေ့လာသုံးသပ်တင်ပြလိုက် ရပါသည်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News