International News

ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများ လျော့နည်းစေရေးအတွက် ဂျပန်အစိုးရအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၆၀ အခွန်လျှော့ပေါ့ပေးသွားမည်

Last Updated:

ဂျပန်အစိုးရနှင့်အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)အနေဖြင့် နိုဝင်ဘာလအစောပိုင်းတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေမည့်အစီအစဉ်များ (Stimulus Package)၏အစိတ်အပိုင်းအဖြစ် တစ်ဦးလျှင် ယန်း ၄၀,၀၀၀(အမေရိကန် ဒေါ်လာ ၂၆၇ ဒေါ်လာ)အခွန်လျှော့ချပေးဆောင်ခွင့်ပြုသွားရန် စဉ်းစားလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင်  အိမ်ထောင်စုဝင်အားလုံး တစ်ဦးလျှင် ယန်း ၄၀,၀၀၀ အခွန်လျှော့ချပေးဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် စည်ပင်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေနည်းအိမ်ထောင်စုများကိုလည်း ယန်း ၇၀,၀၀၀ ငွေကြေးထောက်ပံ့ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုသက်သာစေရေးအတွက် အိမ်ထောင်စုများကို အစိုးရက ယခုနှစ် မတ်လတွင် ယန်း ၃၀,၀၀၀ ထောက်ပံ့ခဲ့ခြင်းကဲ့သို့သော အလားတူထောက်ပံ့မှုကို အစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ၂၃-၁၀-၂၀၂၃ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ခီရှိဒက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း  ဖော်ပြထားပါသည်။

အခွန်လျှော့ချပေးခြင်းနှင့် ငွေကြေထောက်ပံ့ပေးခြင်းတို့အတွက် စုစုပေါင်း ယန်း ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၃.၄ ဘီလီယံ) ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံ၌ လစာရရှိမှု မြင့်မားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏အခွန်ရငွေမှာ ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၉.၁ ထရီလီယံ၊ ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၁.၃ ထရီလီယံနှင့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂၂.၅ ထရီလီယံရရှိခဲ့ကြောင်း၊ အကြမ်းဖျဉ်းအားဖြင့် ၃.၄ ထရီလီယံပိုမိုများပြားလာခဲ့ပြီး အဆိုပါပမာဏကို အခွန်နှုန်းလျှော့ချပေးနိုင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

ဂျပန်အစိုးရနှင့် LDP ပါတီအနေဖြင့် ဝန်ငွေခွန်ပေးဆောင်ရမှုအပေါ် ရာခိုင်နှုန်းသတ်မှတ်၍ အခွန်လျှော့ချပေးခြင်းထက် ပုံသေပမာဏသတ်မှတ်၍ အခွန်နှုန်းလျှော့ချပေးရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ရာခိုင်နှုန်းသတ်မှတ်၍ အခွန်လျှော့ချပေးခြင်းသည် ဝင်ငွေအများအပြားရရှိသူများအတွက် ပိုမို၍အကျိုးရရှိစေနိုင်ကြောင်း၊အာရှဘဏ္ဍာရေး အကြပ်အတည်းဖြစ်ပွားစဉ် ၁၉၉၈ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ပုံသေပမာဏသတ်မှတ်၍ အခွန်လျှော့ချပေးခဲ့ဖူးကြောင်း ဖော်ပြထားပါသည်။

လက်ရှိအခွန်လျှော့ချပေးမည့်အစီအစဉ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပြီး၊ စည်ပင်ခွန်ပေးဆောင်နေရသည့် အိမ်ထောင်စုများကို ထည့်သွင်းစဉ်းစားထားခြင်းမရှိသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားပါသည်။ကုန်စည်ဈေးနှုန်း မြင့်တက်မှုကြောင့် လစာနည်းပါးသူများအပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်စေလျက်ရှိသည့်အတွက် အဆိုပါထိခိုက်မှုများသက်သာစေမည့်အစီအစဉ်များကို အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့်သက်ရောက်မှုများကို လျော့ပါးစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေမည့် အစီအစဉ်များကို နိုဝင်ဘာလမှစတင်၍ ဂျပန်အစိုးရအနေဖြင့် ရေးဆွဲလျက်ရှိပြီး အဆိုပါအစီအစဉ်များတွင် ဝင်ငွေနည်းအိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့ပေးခြင်းနှင့် လောင်စာဆီအပေါ် အထောက်အပံ့ပေးသွားမည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။ ဂျပန်အစိုးရ၏ Stimulus Package ပါလုပ်ငန်းစဉ်များကြောင့် အစိုးရအတွင်းနှင့် အာဏာရပါတီအတွင်းတွင် အငြင်းပွားမှုများကြုံတွေ့ရလျက်ရှိပြီး၊ ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် နိုင်ငံအတွင်း လိုငွေပြမှုကို လျှော့ချနိုင်ရေးအတွက် ငွေတိုက်စာချုပ်များ ထုတ်ရောင်းခဲ့ရမှုမှာလည်း များပြားခဲ့သည့်အတွက် အစိုးရ၏ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ အစိုးရ၏အခွန်လျှော့ချပေးမည့်အစီအစဉ်ကြောင့် ဂျပန်အစိုးရ၏ ဘဏ္ဍာငွေဆိုင်ရာစီမံခန့်ခွဲမှုများအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ဆက်တိုက်မြင့်တက်လျက်ရှိပြီး၊ ယန်းငွေတန်ဖိုးကျဆင်းလျက်ရှိသော်လည်း လစာနှုန်းထားများမှာငွေကြေးဖောင်းပွမှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူများနှင့်စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများတတ်နိုင်သမျှလျော့နည်းစေမည့်အစီအမံများကို ချမှတ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia News (၂၅-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News