International News

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့မှုကြောင့် ဂျပန်နိုင်ငံအပါအဝင် အာရှနိုင်ငံများ၏အစိုးရများအနေဖြင့် ငွေကြေးတန်ဖိုးကျဆင်းမှုကို ကာကွယ်နိုင်မည့်လုပ်ငန်းစဉ်များ မြှင့်တင်ဆောင်ရွက်လျက်ရှိ

Last Updated:

အမေရိကန်ဒေါ်လာတန်ဖိုးအားကောင်းလာမှုကြောင့် အာရှနိုင်ငံများ၏အစိုးရများအနေဖြင့် ၎င်းတို့၏ငွေကြေးတန်ဖိုးများကျဆင်းမှုကို ကာကွယ်နိုင်မည့်နည်းလမ်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် အမေရိကန်နိုင်ငံ၏စီးပွားရေးခိုင်မာအားကောင်းလာခြင်းနှင့် အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းတို့ကြောင့် အာရှနိုင်ငံများ၏ငွေကြေးတန်ဖိုးများ ကျဆင်းခဲ့ကြောင်း၊ အာရှနိုင်ငံများရှိ အစိုးရများအနေဖြင့် ဒေါ်လာတန်ဖိုးအားကောင်းလာမှုအပေါ် သတိပေးချက်များထုတ်ပြန်ခြင်းမှသည် အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းအထိ အမျိုးမျိုးသောမူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြကြောင်း၊ အချို့သောအစိုးရများအနေဖြင့် ၎င်းတို့၏ပြည်တွင်းငွေကြေးများကို ပြန်လည်ဝယ်ယူခဲ့ကြကြောင်း၊ သို့သော် ထိုသို့ဆောင်ရွက်မှုသည် ဗဟိုဘဏ်အပေါ် ပြည်သူများ၏ ယုံကြည်မှုကို လျော့ကျစေနိုင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံမှ ၂၀၂၄ ခုနှစ်၊ မတ်လအတွက် ထုတ်ပြန်ခဲ့သည့်ငွေကြေးဖောင်းပွမှုနှုန်းကြောင့် ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဧပြီလအတွက် ထုတ်ပြန်မည့် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းများကို စောင့်ကြည့်လေ့လာလျက်ရှိကြကြောင်း၊ အဆိုပါအမေရိကန်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းထုတ်ပြန်ချက်အပေါ်မူတည်၍ အာရှနိုင်ငံများအနေဖြင့် မူဝါဒများချမှတ်ဆောင်ရွက်ကြမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ရုတ်တရက်ခိုင်မာအားကောင်းခဲ့သည့် အမေရိကန်ဒေါ်လာတန်ဖိုးကြောင့် အာရှဒေသနိုင်ငံများ၏ ငွေကြေးတန်ဖိုးများအပေါ် သက်ရောက်မှုများရှိခဲ့ပြီး၊ အထူးသဖြင့် ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ယန်းငွေတန်ဖိုးကျဆင်းမှုကို တုံ့ပြန်နိုင်ရေးအတွက် ဧပြီလ ၂၉ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် ငွေကြေးတန်ဖိုးမြင့်တက်စေရေးမူဝါဒများ ချမှတ်ခဲ့သည်ဟု ယူဆရကြောင်း၊ အစိုးရအနေဖြင့် ပထမအကြိမ်ဝင်ရောက်ထိန်းညှိခြင်းမပြုမီ ဈေးကွက်အတွင်းရှိ ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၆၀ ယန်းရှိခဲ့ပြီး၊ ၃၄ နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း၊ ထို့နောက် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၅၅ ယန်းသို့ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ၉.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ဒေါ်လာတန်ဖိုးအားကောင်းခဲ့မှုကြောင့် တောင်ကိုရီးယားဝမ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁,၄၀၀ နှုန်းသို့ ၁ နှစ်ခွဲကာလအတွင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်အနေဖြင့် သတိပေးချက်များထုတ်ပြန်ခဲ့ကြကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေ ဖြင့် ပြည်တွင်းငွေကြေးတန်ဖိုးမြင့်တက်လာစေရေးအတွက် ဧပြီလတွင် အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းတိုးမြှင့်ကာ ၆.၂၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အင်ဒိုနီးရှားအစိုးရအနေဖြင့် အင်ဒိုနီးရှားရူပီးကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၆,၀၀၀ အောက်သို့ရောက်ရှိစေခြင်းဖြင့် ငွေကြေးတန်ဖိုးအားကောင်းလာစေရေးရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

အာရှဒေသတွင်း၌ တည်ငြိမ်မှုအရှိဆုံးငွေကြေးတန်ဖိုးများအနက် အိန္ဒိယရူပီးလည်း ပါဝင်ကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၈၃.၇၃၉ ရူပီးရှိခဲ့ကြောင်း၊ မလေးရှားရင်းဂစ်တန်ဖိုးမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၂၆ နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၄.၇၉၆၅ ရင်းဂစ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၄.၇၃၇ ရင်းဂစ်သို့ ပြန်လည်အားကောင်းလာခဲ့ကြောင်း ဖော်ပြထားပါသည်။

အာရှဒေသနိုင်ငံများတွင် မလေးရှားနိုင်ငံမှအပ ကျန်နိုင်ငံများအနေဖြင့် နိုင်ငံ၏ ၆ လစာ သွင်းကုန်ပမာဏထက် ပိုမိုသည့်ငွေကြေးများကို နိုင်ငံခြားအရန်ငွေကြေးအဖြစ် ဒေသတွင်းဘဏ်များတွင် လုံလောက်စွာ ထိန်းသိမ်းထားရှိလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source : The Nikkei Asia (13-5-2024)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News