International News

စီးပွားရေးပညာရှင်များက စင်ကာပူနိုင်ငံ၏ ၂၀၂၄ ခုနှစ် တိုးတက်မှုခန့်မှန်းချက်ကို ၂.၄ ရာခိုင်နှုန်းအထိ ပိုမိုခန့်မှန်း

Last Updated:

ကမ္ဘာ့ဝယ်လိုအားတက်လာစေရေးမျှော်လင့်ချက်၊ လျှပ်စစ်ပစ္စည်းကဏ္ဍပြန်လည်ကောင်းမွန်လာမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေးပိုမိုအားကောင်းလာမှုများအကြား စင်ကာပူနိုင်ငံ၏ပို့ကုန်အားပေးစီးပွားရေးအတွက် ၂၀၂၄ ခုနှစ် တိုးတက်မှုခန့်မှန်းချက်ကို ပုဂ္ဂလိကစီးပွားရေးပညာရှင်များက ပိုမိုခန့်မှန်းခဲ့ကြပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် Monetary Authority of Singapore(MAS)က ထုတ်ပြန်သည့် ပညာရပ်ပိုင်းဆိုင်ရာ ကြိုတင်ခန့်မှန်းသူများ၏ ၃ လပတ်စစ်တမ်းအရ စင်ကာပူနိုင်ငံ၏ဂျီဒီပီမှာ အစောပိုင်းခန့်မှန်းထားခဲ့သည့် ၂.၃ ရာခိုင်နှုန်းထက် ပိုမို၍ ၂၀၂၄ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းကြပါသည်။ နှစ်အလိုက်အခြေပြုတွက်ချက်မှုအရ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၂.၆ ရာခိုင်နှုန်းတိုးတက်မည်ဟု MAS ၏ ဆန်းစစ်ချက်တွင် ဖြေကြားသူများက ခန့်မှန်းထားပါသည်။

ဖေဖော်ဝါရီလတွင် ပေးပို့ခဲ့သည့်ဆန်းစစ်ချက်ကို ဖြေကြားခဲ့သော စီးပွားရေးပညာရှင် ၂၃ ဦးအနက် ၇၁ ရာခိုင်နှုန်းမှာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက်အတွက် အဆင့်သတ်မှတ်ခဲ့ပါသည်။ ကြိုတင်ခန့်မှန်းသူအများစုက ပြင်ပတိုးတက် မှုမှာ မျှော်မှန်းထားသည့်ထက် နှေးကွေးပြီး ပထဝီနိုင်ငံရေးတင်းမာမှုများလည်း ပိုမိုလာမည်ဟု ခန့်မှန်းကြပါသည်။ ဆန်းစစ်ချက်ဖြေကြားသူများက ငွေကြေးဖောင်းပွမှုဖိအားနှင့် တရုတ်နိုင်ငံ၏တိုးတက်မှုမျှော်မှန်းချက်ကို အဓိကအချက်များအဖြစ် ထောက်ပြခဲ့ပါသည်။

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ကုန်သွယ်မှုနှင့် ဆက်စပ်လုပ်ငန်းများတွင် သိသိသာသာတိုးတက်လာမှုကြောင့် ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏စီးပွားရေးမှာ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ သို့ရာတွင် အတိုးနှုန်းမြင့်တက်မှုနှင့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ မျှော်မှန်းထားသည့်ထက် နှေးကွေးမှုတို့သည် ကမ္ဘာ့လုံးဆိုင်ရာတိုးတက်မှုကို ကျဆင်းစေကြောင်း ဝန်ကြီးဌာနအနေဖြင့် ထောက်ပြထားပါသည်။

DBS ဘဏ်၏ စီးပွားရေးပညာရှင်ဖြစ်သူ Chua Han Teng က စင်ကာပူနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း ၂.၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး သူ၏ခန့်မှန်းချက်မှာ ထုတ်လုပ်မှုကဏ္ဍ၊ လက်ကားကုန်သွယ်မှု၊ ငွေကြေးဝန်ဆောင်မှု၊ ခရီးသွားလာခြင်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများစသည်တို့တွင် တိုးတက်မှုများရရှိလာမှုအပေါ် အခြေခံပါသည်။

၂၀၂၄ ခုနှစ်တွင် ကဏ္ဍအားလုံးအတွက် ငွေကြေးဖောင်းပွမှုနှုန်းပျမ်းမျှခန့်မှန်းချက်မှာ ၃.၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။ ၂၀၂၄ ခုနှစ်တွင် ၂.၅ ရာခိုင်နှုန်းနှင့် ၃.၅ ရာခိုင်နှုန်းအကြားရှိမည်ဟု MAS က ခန့်မှန်းထားပါသည်။ အလုပ်အကိုင်နှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အလုပ်လက်မဲ့နှုန်းမှာ ၁.၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News