International News

ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျဆင်းခဲ့

Last Updated:

ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးတက်မှုများရှိခဲ့သော်လည်း၊ ပုဂ္ဂလိက၏သုံးစွဲနိုင်စွမ်းကျဆင်းမှုမှာ ပိုမိုများပြားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက မတ်လတွင် အနည်းငယ်ကျဆင်းခဲ့ကြောင်း ၁၃-၅-၂၀၂၄ ရက်နေ့တွင် Japan Center for Economic Research (JCER)က ခန့်မှန်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းတွင်  ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက မတ်လတွင် ၀.၀၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း ၃ လ ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လတာကာလတွင် နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၄ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် အဆိုပါ ၃ လတာကာလနှင့်နှိုင်းယှဉ်ပါကလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ၃ လတာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ပုဂ္ဂလိကသုံးစွဲနိုင်စွမ်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် ၂ လတာအတွင်း ပထမအကြိမ်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဝတ်အထည်ဝယ်ယူသုံးစွဲမှု၊ ပညာရေးဆိုင်ရာသုံးစွဲမှုများအပါ အဝင် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အသုံးစရိတ်များမှာ ကျဆင်းခဲ့ကြောင်းနှင့် မော်တော်ယာဉ်အသစ်များရောင်းချရမှုအရေအတွက်မှာလည်း ၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် Flat Panel Display ထုတ်လုပ်သည့်စက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုများ များပြားခဲ့ခြင်းကြောင့် ကုမ္ပဏီများ၏ငွေလုံးငွေရင်းအသုံးစရိတ်မှာ ၃.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ပို့ကုန်နှင့်သွင်းကုန်မှာလည်း ၁.၆ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ ပုဂ္ဂလိက၏အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ ၂ ရာခိုင်နှုန်းနှင့်အိမ်ရာအဆောက်အဦအသစ်တည်ဆောက်မှုအရေအတွက်မှာလည်း ၄.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

Source: The Nikkei Asia (၁၃-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News