International News

ဂျပန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ အကူအညီများနှင့် ယန်းချေးငွေများပေးအပ်နိုင်ရေးအတွက် ချေးငွေစာချုပ်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်၏ရေကြောင်းကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်များမြှင့်တင်နိုင်ရေးစီမံကိန်းအတွက် ယန်းချေးငွေ ၆၄.၃၈ ဘီလီယံနှင့်ဖိလစ်ပိုင်အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ပညာသင်ဆုများပေးအပ်ရေးစီမံကိန်းအတွက် အကူအညီအဖြစ် ယန်း ၃၂၇ သန်း ပေးအပ်နိုင်ရေးအတွက်  ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Endo Kazuya နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique A. Manalo တို့အကြား ချေးငွေစာချုပ်များနှင့်စာချွန်လွှာများကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၁၇-၅-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ချက်တွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်အတွက် ကင်းလှည့်ရေယာဉ် ၅ စီးတည်ဆောက်နိုင်ရေးအတွက် ချေးငွေပေးအပ်ခြင်းဖြစ်ကြောင်းနှင့်အဆိုပါရေယာဉ်များတွင် ဂျပန်နိုင်ငံ၏ဆက်သွယ်ရေးစနစ်များ၊ အချက်ပြစနစ်များနှင့်နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ ရေကြောင်းလုံခြုံရေးအတွက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအနေဖြင့် အဆိုပါစီမံကိန်းအတွက် ချေးငွေ ၆၄.၃၈ ဘီလီယံကို နှစ်စဉ်အတိုးနှုန်း ၀.၃ ရာခိုင်နှုန်းဖြင့် နှစ်ပေါင်း ၄၀ ကြာပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ဖွံ့ဖြိုးမှုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေရေးအတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ဖိလစ်ပိုင်အစိုးရဝန်ထမ်းများမှ မဟာဘွဲ့များ တက်ရောက်သင်ကြားနိုင်ရေးအတွက် အကူအညီ ယန်း ၃၂၇ သန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ်မှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

Source: Ministry of Foreign Affairs (Japan)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News