International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သည် မြစိမ်းရောင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအတွက် ထိပ်တန်းကမ္ဘာ့အချက်အချာဒေသအဖြစ် ကြီးထွားလျက်ရှိ

Last Updated:

၂၀၂၃ခုနှစ်အတွင်း ဒူဘိုင်းမြို့မှ ကမ္ဘာလုံးဆိုင်ရာမြစိမ်းရောင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း(FDI) ပေါင်း ၁,၀၇၀ ခုကို ကြိုဆိုလက်ခံခဲ့ပါသည်။

ထွန်းသစ်စစီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်စွမ်းဆောင်ရည်များအတွက် “မရှိမဖြစ်နေရာဒေသတစ်ခု” အဖြစ် အားဖြည့်ပေးသည့်အတွက် မြစိမ်းရောင် FDI များတွင် ဒူဘိုင်းသည် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာကော်ပိုရေးရှင်းများမှ အဓိကနေရာချဲ့ထွင်သည့်အချက်အချာဒေသတစ်ခုအဖြစ် ကမ္ဘာ့နံပါတ်တစ်နေရာဒေသအဖြစ် တတိယနှစ်မြောက် ဆက်တိုက်ရရှိခဲ့ပါသည်။

Financial Times ဘဏ္ဍာရေးဆိုင်ရာသတင်းဌာန၏ FDI ဈေးကွက်အချက်အလက်များအရ အရှေ့အလယ်ပိုင်းဒေသ၏အတက်ကြွဆုံး စီးပွားရေးအချက်အချာကျရသည့်အကြောင်းမှာ လူသုံးကုန်ပစ္စည်းများ၊ စွမ်းအင်၊ e-commerce အပါအဝင် မြစိမ်းရောင် FDI စီမံကိန်းများအတွက် ခရီးသွားလုပ်ငန်းဆွဲဆောင်မှု၊ မြစိမ်းရောင် FDI ရင်းနှီးမြှုပ်နှံမှုအား ဆွဲဆောင်နိုင်မှုနှင့်  FDI ဆွဲဆောင်မှုများမှ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်မှု စသည့်အဓိကအခန်းကဏ္ဍများအတွက် ကမ္ဘာ့နံပါတ် ၁ နေရာသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒူဘိုင်း၏ FDI စွမ်းဆောင်ရည်သည် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 ၏ရည်မှန်းချက်ကြီးမားသော ပန်းတိုင်များနှင့်ကိုက်ညီပြီး ဒူဘိုင်းမြို့၏စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မှုကို အလေးပေးကာ ၂၀၃၃ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏စီးပွားရေးအရွယ်အစားကို နှစ်ဆတိုးစေမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင်ဒူဘိုင်းသည် ကမ္ဘာလုံးဆိုင်ရာ မြစိမ်းရောင် FDI ပေါင်း ၁,၀၇၀ ခုကို ကြိုဆိုလက်ခံခဲ့ပြီး ဒုတိယနေရာရှိ စင်ကာပူ(FDI ပေါင်း ၄၄၂ ခု)ထက် ၁၄၂ % နှင့် တတိယနေရာရှိ လန်ဒန် (FDI ပေါင်း ၄၃၁ ခု) ထက် ၁၄၈ % ပိုမိုသာလွန်ခဲ့ပါသည်။ ပြီးခဲ့သည့်ငါးနှစ်အတွင်း ထိုကဲ့သို့သောစီမံကိန်းများကိုဆွဲဆောင်ရာတွင် ဒူဘိုင်း၏ကမ္ဘာလုံးဆိုင်ရာဝေစုသည်၂၀၁၉ ခုနှစ်က ၁.၇ % ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၆ % အထိ သုံးဆတိုးတက်လာခဲ့ပါသည်။

စီးပွားရေးအချက်အခြာနေရာဒေသတစ်ခုအဖြစ် ဒူဘိုင်း၏တိုးတက်လျက်ရှိသော ဆွဲဆောင်မှုသည် HQ FDI ပင်မအခြေစိုက်စီမံကိန်းများအတွက် ၎င်း၏နံပါတ် ၁ အဆင့်ကို ဒုတိယနှစ်မြောက်ရရှိခဲ့ကြောင်း မီးမောင်းထိုးပြသခဲ့ပါ သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် စီမံကိန်း ၆၀ ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး စင်ကာပူနှင့် လန်ဒန်တို့သည် အဆိုပါ HQ FDI စီမံကိန်းများအတွက် ဒုတိယနှင့် တတိယနေရာများတွင် HQ FDI စီမံကိန်းပေါင်း ၄၀ နှင့် ၃၁ ခုအသီးသီးစီရရှိခဲ့ကြပါသည်။ ခြုံငုံသုံးသပ်ရလျှင် ဒူဘိုင်းသည် Inward FDI ပြည်တွင်းသို့လာရောက်ခြေစိုက်သည့် FDI လုပ်ငန်းများမှတစ်ဆင့် ဖန်တီးထားသောအလုပ်အကိုင်အရေအတွက်မှာ တစ်ကမ္ဘာလုံးတွင် ၂၀၂၂ ခုနှစ်ကပဉ္စမနေရာမှ ယခုအခါ တွင်စတုတ္ထနေရာသို့ ရောက်ရှိခဲ့ပြီး မြစိမ်းရောင် FDI မြို့တော်ဆွဲဆောင်မှုအတွက် ၎င်းသည် ကမ္ဘာတစ်ဝှမ်းတွင် အဆင့်ငါးနေရာမှ ရပ်တည်လျက်ရှိကာ ယခင်အဆင့် ၇ နေရာမှ နှစ်နေရာအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။

ဒူဘိုင်းမှ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ မြစိမ်းရောင် FDI စီမံကိန်းများတွင် နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ခြင်းသည် ဒူဘိုင်းမြို့၏ကမ္ဘာ့စီးပွားရေးအတွက် အခွင့်အလမ်းသစ်များကိုအဆက်မပြတ်ထုတ်လုပ်နိုင်မှုကို ပြသနေခြင်းဖြစ်ကြောင်း ဒူဘိုင်းအိမ်ရှေ့မင်းသားနှင့် ဒူဘိုင်းအမှုဆောင်ကောင်စီဥက္ကဋ္ဌဖြစ်သူ Sheikh Hamdan bin Mohammed bin Rashid Al Maktoum က ပြောကြားခဲ့ပါသည်။ ဒူဘိုင်း၏တည်ငြိမ်မှု၊ ခေတ်မီအခြေခံအဆောက် အအုံများနှင့် တက်ကြွသောစီးပွားရေးပတ်ဝန်းကျင်တို့သည် ရင်းနှီးမြှုပ်နှံမှုနှင့်စွမ်းဆောင်ရည်များအတွက် အချက် အခြာဒေသဖြစ်လာစေခဲ့ကြောင်း Sheikh Hamdan က ပြောကြားခဲ့ပါသည်။

ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားလာရေးဌာန(DET)၏ ညွှန်ကြားရေးမှူးချုပ် Helal Saeed Almarri က ကမ္ဘာလုံးဆိုင်ရာ FDI သည် ဒူဘိုင်း၏စဉ်ဆက်မပြတ်ဦးဆောင်မှုတွင် ပါဝင်ဆောင်ရွက်ကြသူများနှင့် နိုင်ငံတကာလုပ်ဖော် ကိုင်ဖက်များ၏ အောင်မြင်သောပူးပေါင်းဆောင်ရွက်မှုများကို မီးမောင်းထိုးပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ အဆင့်သတ်မှတ်ချက်သည် အရည်အသွေးမြင့် FDI များအတွက် ဒူဘိုင်း၏ထိပ်တန်းကမ္ဘာ့အချက်အချာဒေသတစ်ခုအဖြစ် ၎င်း၏အဆင့်အတန်းကို အတည်ပြုထားခဲ့ပါသည်။ ဒူဘိုင်း၏အားကောင်းသော ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်များတွင် ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံတကာကော်ပိုရေးရှင်းများ၊ စီးပွားရေးလုပ်ငန်းစတင်ဆောင်ရွက်ကြများနှင့် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးရှိသူများ၏ခိုင်မာသောယုံကြည်စိတ်ချမှုသည် ၎င်းတို့၏မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များအပေါ် သက်သေပြချက်တစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ဒူဘိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း(DEDC)၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Hadi Badri က မြစိမ်း ရောင်စီမံကိန်းများ အားကောင်းမောင်းသန်လာသည်နှင့်အမျှ ဒူဘိုင်းသို့ အရည်အချင်းရှိသူများရောက်ရှိလာမှုမှာလည်း မြင့်တက်လာကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ဒူဘိုင်း FDI Monitor ဌာနမှ ရရှိသောအချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သော FDI စီမံကိန်းပေါင်း ၁,၆၅၀ ခု သည် ၂၀၂၂ ခုနှစ်တွင်ရရှိခဲ့သောFDI စီမံကိန်းပေါင်း ၁,၁၈၈ ခုနှင့်နှိုင်းယှဉ်ပါက ၃၉ % တိုးတက်လာခဲ့ပါသည်။

ဒူဘိုင်းမြို့သည် ဉာဏ်ရည်တု (AI)၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ (FinTech)၊ အင်တာနက်တွင် အချက်အလက်များကို သိုလှောင်၊ စီမံခန့်ခွဲမှုများဆောင်ရွက်နိုင်မှု(cloud computing)နှင့် ဆိုက်ဘာ လုံခြုံရေးကဏ္ဍတို့တွင် အဓိကနည်းပညာများစွာဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ထိပ်တန်းမြို့အဖြစ် ထင်ရှားစွာပါဝင်ဆောင်ရွက်နေသည့်မြို့အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။ e-commerce ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖန်တီးဖော်ဆောင်ထားသော ခန့်မှန်းအလုပ်အကိုင်အရေအတွက်များတွင် ဒူဘိုင်းမြို့သည် ပထမနေရာတွင်ရောက်ရှိနေကြောင်း ဖော်ပြထားပါသည်။

ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏အဆိုအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ FDI စီးဆင်းမှု သည် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁.၃၇ ထရီလျံရှိကာ ၂၀၂၂ ခုနှစ်ကထက် ၃ % တိုးတက်လာကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း ကြီးမားသော ဥရောပသဘောတူညီချက် အချို့မပါဝင်ဘဲ၊ ကမ္ဘာလုံးဆိုင်ရာ FDI စီးဆင်းမှုမှာ ၁၈ % လျော့နည်းခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ FDI စီးဆင်းမှုနှင့်အညီ ဒူဘိုင်းသည် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း FDI အရင်းအနှီးတွင် AED ၃၉.၂၆ ဘီလီယံ(အမေရိဒေါ်လာ ၁၀.၆၉ ဘီလီယံ) ခန့်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ကနေဒါနိုင်ငံအခြေစိုက် Brookfield စီးပွားရေးလုပ်ဖော်ကိုင်ဖက်များစီးပွားရေးကုမ္ပဏီမှ Network International နည်းပညာဆိုင်ရာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၂.၇၆ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းကြောင့် FDI အရင်းအနှီးထိပ်တန်းငါးနိုင်ငံစာရင်းတွင် ကနေဒါနိုင်ငံမှ ပါဝင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်း ဒူဘိုင်းသို့ FDI ခန့်မှန်းခြေရင်းနှီးမြုပ်နှံမှုအများဆုံး စုစုပေါင်းထိပ်တန်းနိုင်ငံငါးခုမှာ ကနေဒါ (၂၆.၅ %)၊ အမေရိကန်(၁၇.၅ %)၊ ဆော်ဒီအာရေဗျ(၈.၉ %)၊ ဗြိတိန်(၈.၂ %) နှင့် အိန္ဒိယ(၅.၅ %)တို့ဖြစ်ကြပြီး FDI စီမံကိန်းများအပေါ်အခြေခံ၍ စုပေါင်းကြေညာထားသည့် ထိပ်တန်းနိုင်ငံငါးခုမှာ အမေရိကန်(၁၅.၅ %)၊ ဗြိတိန် (၁၅.၃ %)၊ အိန္ဒိယ(၁၄.၉ %)၊ ပြင်သစ်(၆.၃ %) နှင့် အီတလီ (၃.၆ %)တို့ဖြစ်ကြကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News