International News

ရုရှားသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရူဘယ်ဖြင့် ရောင်းချပြီး အခြား ၄၀ ရာခိုင်နှုန်းခန့်ကို ယွမ်ဖြင့် ရောင်းချလျက်ရှိ

Last Updated:

ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ရေနံနှင့်သဘာဝဓာတ်ငွေ့၏ ၈၀ ရာခိုင်နှုန်းခန့်ကို ရူဘယ်နှင့် ယွမ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုရှားနှင့် တရုတ်ငွေကြေးများသုံးစွဲမှုသည် တွက်ချက်မှု၏ ၄၀ ရာခိုင်နှုန်းစီရှိကြောင်း၊ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေသုံးစွဲမှုကို အနည်းဆုံးသို့ လျှော့ချလိုက်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ရလဒ်များအပေါ်အခြေခံ၍ တရုတ်နိုင်ငံနှင့် ငွေပေးချေမှု ၉၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံသုံးငွေကြေးများဖြစ်သည့် ရူဘယ်နှင့်တရုတ်ယွမ်တို့ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့ကုန်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရူဘယ်ဖြင့်လည်းကောင်း၊ အခြား ၄၀ ရာခိုင်နှုန်းခန့်ကို တရုတ်ယွမ်ဖြင့်လည်းကောင်း၊ ကျန် ၂၀ ရာခိုင်နှုန်းသည် အခြားငွေကြေးများဖြင့်လည်းကောင်း ရောင်းချကြောင်း ဒုတိယဝန်ကြီးချုပ် ပြောကြားခဲ့သည်။

နိုင်ငံအများအပြားသည် နိုင်ငံသုံးငွေကြေးများဖြင့် စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်လာကြောင်း၊ ၎င်းသည် အနောက်နိုင်ငံများ၏ တင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများနှင့် အဓိကဆက်စပ်လျက်ရှိကြောင်း၊ ၎င်းသည် ဒေါ်လာနှင့် ယူရိုသုံးစွဲမှုကို အမှန်တကယ်လျော့ကျသွားကာ အဆိုပါလမ်းကြောင်းသည် ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း Mr. Novak က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားသည် မိတ်ဆွေနိုင်ငံများသို့ ရေနံတင်ပို့မှုကို ၈၆ ရာခိုင်နှုန်းအထိ၊ ရေနံထွက်ကုန်ပစ္စည်းများတင်ပို့မှုကို ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း၊ ပိတ်ဆို့အရေးယူမှုများ စတင်ပြီးနောက် ဥရောပနိုင်ငံများသို့ ရေနံတင်ပို့မှုမှာ ၄-၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ ရုရှား၏ ရေနံနှင့် ရေနံထွက်ကုန်ပစ္စည်းများတင်ပို့မှုအများစုသည် တရုတ်နှင့်အိန္ဒိယသို့ ရောက်ရှိခဲ့ပြီး ပေကျင်း၏ဝေစုသည် ၄၅-၅၀ ရာခိုင်နှုန်းအထိနှင့် နယူးဒေလီ၏ ဝေစုသည် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်သွား ခဲ့ကြောင်း သိရှိရပါသည်။

Source :    https://www.kommersant.ru/doc/6581855

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News