International News

ဂျပန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် (EPA)ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်

Last Updated:

ဂျပန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်(Economic Partnership Agreement-EPA)လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၂-၃-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဂျပန်အစိုးရနှင့်ဘင်္ဂလားဒေ့ရှ်အစိုးရတို့အနေဖြင့် နှစ်နိုင်ငံအကြား Japan-Bangladesh Economic Partnership Agreement(EPA) လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများစတင်ပြုလုပ်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘော တူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဖြစ်နိုင်ခြေများကို ဆန်းစစ်လေ့လာနိုင်ရန် ၂၀၂၃ ခုနှစ်တွင် Joint Study Group ကို ဖွဲ့စည်းခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးမှုရလဒ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်ပါ ထောက်ခံတင်ပြချက်များအရ နှစ်နိုင်ငံအကြား EPA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် နှစ်နိုင်ငံအကြား EPA လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးမှုများ စတင်ဆောင်ရွက်သင့်ကြောင်း၊ နှစ်နိုင်ငံအကြား အဆင့်မြင့်၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအပြင် စီးပွားရေးဆက်ဆံမှုများ ခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပူးပေါင်း၍ နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားမှအပ ကျန်အာဆီယံနိုင်ငံများနှင့် Economic Partnership Agreement-EPA လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် အာဆီယံနှင့် အီးယူအပါအဝင် ကမ္ဘာ့နိုင်ငံ/အဖွဲ့အစည်း ၂၁ ခုနှင့် EPA လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂျပန်သို့ ချုပ်ပြီးအထည်များ အများဆုံးတင်ပို့လျက်ရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၈၇.၂ ရာခိုင်နှုန်းရှိပါသည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDCs)အဖြစ်မှ ရုန်းထွက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါကာလတွင် ဘင်္ဂလားဒေ့ရှ်မှ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်မှုမရှိတော့မည်ကို ဂျပန်ကုမ္ပဏီများအနေဖြင့် စိုးရိမ်လျက်ရှိပြီး အခြားသော တရုတ်၊ တောင်ကိုရီးယားနှင့် ကျန်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် EPA လက်မှတ်မထိုးမီ ဂျပန်နိုင်ငံအနေဖြင့် လက်ဦးမှုရယူ၍ EPA ရေးထိုးထားရန် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဂျပန်အစိုးရကို တိုက်တွန်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်လည်း LDCs အဖြစ်မှ ရုန်းထွက်နိုင်ရေး ကြိုးပမ်းလျက်ရှိသကဲ့သို့ နိုင်ငံ၏ထုတ်ကုန်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်တင်ပို့နိုင်ရေးအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန( ၁၂-၃-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News