International News

ဂျပန်ဈေးကွက်အတွင်း ဗီယက်နမ်ကော်ဖီဈေးနှုန်းများ သိသိသာသာမြင့်တက်

Last Updated:

၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ဂျပန်နိုင်ငံ၏ အဓိကတင်သွင်းသည့် ဈေးကွက်များမှ ကော်ဖီတင်သွင်းသည့် ပျမ်းမျှဈေးနှုန်းများမြင့်တက်လာကြောင်း၊ ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှုသည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၇၂ အထိရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံနီးပါးတန်ဖိုးရှိ ကော်ဖီ ၁၉၀,၇၀၀ တန်တင်သွင်းခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၀၅.၃ သန်း တန်ဖိုးရှိ ကော်ဖီတန်ချိန် ၅၂,၉၀၀ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ကော်ဖီဈေးကွက်သည် အတက်အကျရှိသော်လည်း ဂျပန်သည် အာရှတွင် အကြီးဆုံးနှင့်အတည်ငြိမ်ဆုံးသော ကော်ဖီသောက်သုံးသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။ စားသုံးမှုပမာဏတည်ငြိမ်သော်လည်း အဓိကကုန်အမှတ်တံဆိပ်များသည် ပြောင်းလဲလာကာ စားသုံးသူအကြိုက်ဖြည့်ဆည်းရန်အတွက် နည်းဗျူဟာများကို ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီ၏အဆိုအရ ဂျပန်နိုင်ငံ၏ ကော်ဖီလုပ်ငန်းစုစုပေါင်းမှ ဝင်ငွေသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံခန့်ရှိပြီး ၂၀၃၃ ခုနှစ်တွင် ၅.၆၆ ဘီလီယံရောက်ရှိရန် မျှော်မှန်းထားရာ ၂၀၂၅-၂၀၃၃ အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၀.၄၇ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ အသင့်ဖျော်ကော်ဖီသောက်သုံးမှုမှ ခန့်မှန်းဝင်ငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံရှိပြီး ၂၀၃၀ တွင် ၄.၅၆ ဘီလီယံတိုးလာနိုင်မည်ဟု ခန့်မှန်းထားပြီး နှစ်စဉ်တိုးတက်မှုနှုန်းမှာ ၃.၃၂ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံသို့ ကော်ဖီတင်ပို့မှုတိုးမြင့်နိုင်ရေးအတွက် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ဂျပန်နိုင်ငံ၏စံနှုန်းနှင့်အညီ ပိုးသတ်ဆေးအကြွင်းအကျန်များကို ထိန်းချုပ်ခြင်းဖြင့် အရည်အသွေးမြှင့်တင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ အထူးသဖြင့် အော်ဂဲနစ်ကော်ဖီကို ဦးစားပေးပြီး JAS နှင့် HACCP ကဲ့သို့သော လက်မှတ်များရရှိရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် သွင်းကုန်မိတ်ဖက်များနှင့် တက်ကြွစွာချိတ်ဆက်ရန်၊ ကုန်စည်ပြပွဲများတွင်ပါဝင်ပြသရန်၊ ဗီယက်နမ်-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(VJEPA)နှင့် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေး(CTPPT) ကဲ့သို့သောလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များအောက်ရှိ အကောက်ခွန်ဆိုင်ရာ အကျိုးခံစားခွင့်များကို အပြည့်အဝအသုံးချဆောင်ရွက်သွားရန် အကြံပြုထားသည်။

Source: https://wtocenter.vn/tin-tuc/28553-viet-nams-coffee-prices-rise-sharply-in-japanese-market

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News