International News

ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းအထိချမှတ်ရန် အမေရိကန်တောင်းဆို

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာဖိအားပေးရန် ရည်ရွယ်သည့်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းအထိချမှတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။ အဆိုပါအဆိုပြုချက်ကို ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ အထူးကိုယ်စား လှယ် David O’Sullivan နှင့်အခြားဥရောပအရာရှိများပါဝင်သည့် တယ်လီဖုန်းဖြင့် ဆွေးနွေးပွဲတစ်ခုအတွင်း အသိပေးပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့်လည်း အလားတူအကောက်ခွန်များချမှတ်ရန်အသင့်ရှိသည်ဟု ဖော်ပြခဲ့ကြောင်း The Times of India က ယခုလ ၁၁ ရက်တွင် ဖော်ပြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ များပြားသော ရေနံဝယ်ယူမှုများ သည် ရုရှားနိုင်ငံ၏ လက်ရှိစစ်ရေးလှုပ်ရှားမှုများအတွက် အဓိကရန်ပုံငွေအရင်း အမြစ်တစ်ခုဟု အမေရိကန်ပြည်ထောင်စုက ရှုမြင်ထားသည်။ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ အထူးကိုယ်စားလှယ်က ဦးဆောင်၍ ဝါရှင်တန်မြို့တော်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲများသို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Scott Bessent၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယူကရိန်းဝန်ကြီးချုပ်သည်လည်း အဆိုပါဆွေးနွေးပွဲများသို့ အဝေးမှနေ၍ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။ အမေရိကန်အထက်လွှတ်တော်တွင် ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုဆက်လက်ဆောင်ရွက်နေသော နိုင်ငံများအပေါ် ဒုတိယအဆင့်အကောက်ခွန်များ ချမှတ်ခွင့်ပြုမည့် ဥပဒေကြမ်းတစ်ခုအား အတည်ပြုနိုင်ရန်တင်သွင်းထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ဥရောပပါလီမန်အနေဖြင့် ယခုအချိန်တွင် အဆိုပါအစီအမံများအပေါ် ဆောင်ရွက်ရန် အသင့်ရှိမရှိနှင့်ပတ်သက်၍ မေးခွန်းများရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်ပေါ်တိုးတက်မှုများကြားတွင် သမ္မတထရမ့်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် မကြာမီ တွေ့ဆုံရန်စီစဉ်ထားကြောင်းလည်းဖော်ပြခဲ့ပြီး အိန္ဒိယ-အမေရိကန်ဆက်ဆံရေးသည် အရေးကြီးကြောင်းနှင့် လက်ရှိကုန်သွယ်ရေးဆွေးနွေးမှုများအပေါ် အကောင်းမြင်ကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်မိုဒီကလည်း အိန္ဒိယ-အမေရိကန်ဆက်ဆံရေးနှင့်ပတ်သက်၍ အပြန်အလှန်အပြုသဘောဆောင်သော သဘောထားများကို ဖော်ပြခဲ့ကြောင်း သိရသည်။

Source:    The Times of India, '100% tariff': Trump asks EU to impose higher duties on Russian oil buyers India, China, September 11, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News