International News

အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒအရ တရုတ်နိုင်ငံစျေးကွက်အတွင်းသို့ အာဖရိကထုတ်ကုန်များ ပိုမိုဝင်ရောက်လာ

Last Updated:

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(least developed countries-LDCs)သို့ တဖက်သတ်ဖွင့်လှစ်မှုတိုးချဲ့ရန်(to expand unilateral opening)နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အောင်မြင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ၎င်းနှင့် သံတမန်ဆက်ဆံရေးရှိသည့် LDCs နိုင်ငံအားလုံးအတွက် အကောက်ခွန်နှုန်းထား ၁၀၀ ရာခိုင်နှုန်းကို သုညအကောက်ခွန်အကျိုးခံစားခွင့်(zero-tariff treatment)ပေးအပ်ခဲ့သည်။ အကောက်ခွန်ခွဲတမ်းစီမံခန့်ခွဲမှု(tariff quota administration)အရ အကျုံးဝင်သည့် ထုတ်ကုန်များအနက် ခွဲတမ်းအတွင်းရှိ ကုန်ပစ္စည်းများသည် သုညအကောက်ခွန်အခွင့်အရေးကိုရရှိမည်ဖြစ်ပြီး ခွဲတမ်း(quota)ကျော်လွန်သော ကုန်ပစ္စည်းများ အတွက် အကောက်ခွန်နှုန်းထားများမှာ မပြောင်းလဲဘဲ မူလအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။

လွန်ခဲ့သောတစ်နှစ်အတွင်း တရုတ်-အာဖရိက အပြန်အလှန်အကျိုးပြု ပူးပေါင်းဆောင်ရွက်မှုမှာ တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး နှစ်ဖက်ကုန်သွယ်ရေးတွင် အင်အားသစ်များ ဖော်ဆောင်နိုင်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အက်သီယိုးပီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုသည် နှစ်စဉ် ၂၇ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒသည် ကော်ဖီ၏ မူလဒေသမှ ကြွယ်ဝ သောရနံ့ကို တရုတ်နိုင်ငံ၏ ကျယ်ပြန့်သောစျေးကွက်အတွင်းသို့ စီးဆင်းစေခဲ့သည်။တရုတ်နိုင်ငံသည် အက်သီယိုးပီးယားနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကော်ဖီတင်ပို့သည့် ဈေးကွက်တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် အက်သီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ကော်ဖီတန်ချိန် စုစုပေါင်း ၃၄,၀၀၀ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၁၈ သန်းကျော်ရရှိခဲ့သည်။

အက်သီယိုးပီးယားနိုင်ငံ၏ အကြီးဆုံးကော်ဖီထုတ်လုပ်သူနှင့် တင်ပို့သူ Kerchanshe ၏အမှုဆောင်အရာရှိချုပ် Israel Degefa က သုညအကောက်ခွန်ကင်းမူဝါဒသည် ၎င်းတို့၏ ကော်ဖီကို တရုတ်နိုင်ငံ၏ စျေးကွက်တွင် အလွန်ယှဉ်ပြိုင်နိုင်စွမ်းရှိစေပါကြောင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ကုမ္ပဏီ၏ကော်ဖီတင်ပို့မှုများ သိသိသာသာတိုးတက်လာခဲ့သည်ဟု ၎င်းကဆိုသည်။ သုညအကောက်ခွန်မူဝါဒသည် အက်သီယိုးပီးယားကော်ဖီ၏ စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့ပြီး ဒေသခံကော်ဖီစိုက်ပျိုးသူများနှင့် ကော်ဖီလုပ်ငန်းလုပ်ကိုင်သူများ၏ ဝင်ငွေတိုးတက်လာစေရန် ကူညီပေးခဲ့သည်။ တရုတ်နိုင်ငံစျေးကွက်၏ လိုအပ်ချက်များတိုးလာခြင်းကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့အနေဖြင့် ထုတ်လုပ်မှုကို နောက်ထပ်ချဲ့ထွင်ရန် အစီအစဉ်ရှိပါကြောင်း Israel Degefa က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ အက်သီယိုးပီးယား သံအမတ်ကြီး Tefera Derbew Yimam က မိမိအနေဖြင့် ကော်ဖီသည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်ခင်မင်ရင်းနှီးမှုကို ကိုယ်စားပြုပါကြောင်း၊ တရုတ်နိုင်ငံ၏ သုညအကောက်ခွန်မူဝါဒသည် အာဖရိကနိုင်ငံများအား ဒေသခံထုတ်လုပ်နိုင်စွမ်း ခိုင်မာလာစေရန်၊ တင်ပို့နိုင်စွမ်းမြှင့်တင်နိုင်ရန်နှင့် ၎င်းတို့၏ပို့ကုန်များအတွက် အကျိုးအမြတ်တိုးတက်လာစေရန် ကူညီပေးကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်(Sichuan)၊ ချန်ဒူးမြို့ (Chengdu)အခြေစိုက် Chengdu Yimin Investment Group ၏ အထွေထွေမန်နေဂျာ Ye Chunming က မိုဇမ်ဘစ်ကွင်းပြင်များ (Mozambique)၏ ရွှေရောင်နှမ်းတောင်များမှ တရုတ်နိုင်ငံ၊ ချန်ဒူးမြို့၊ စက်ရုံများ၌ မွှေးကြိုင်သော နှမ်းဆီများထုတ်လုပ်မှုအထိ နယ်စပ်ဖြတ်ကျော်ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက်(cross-border supply chain) သည် ပိုမိုခိုင်မာလာခဲ့ပြီး ပိုမိုထိရောက်မှုရှိလာကြောင်း ပြောကြားခဲ့သည်။

အာဖရိကနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ထိပ်တန်းစိုက်ပျိုးထုတ်ကုန်ဖြစ်သော နှမ်းစေ့များသည် ပင်လယ်ရပ်ခြားတိုက်ရိုက်ဝယ်ယူမှုမှတစ်ဆင့် တရုတ်စျေးကွက်အတွင်းသို့ ပိုမိုချောမွေ့စွာ ဝင်ရောက်လာသည်။ မိုဇမ်ဘစ်(Mozambique)၏ သာယာသော ရာသီဥတုသည် အရည်အသွေးမြင့်နှမ်းများကို ထုတ်လုပ်ပေးသည်။

မိမိတို့အနေဖြင့် နှမ်းကို မူလအရင်းအမြစ်မှတိုက်ရိုက်ဝယ်ယူပါကြောင်း၊ ယင်းသည် စိုက်ပျိုးမှုအဆင့်မှစ၍ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ပါကြောင်း Ye က ရှင်းပြခဲ့သည်။ မိုဇမ်ဘစ်နိုင်ငံအပြင် Chengdu Yimin Investment Group အနေဖြင့် ယခုနှစ်အတွင်း နိုင်ဂျာနိုင်ငံ(Niger)မှ နှမ်းဖြူတန်ချိန် ၁,၁၂၀ တန်ကိုလည်း တိုက်ရိုက်ဝယ်ယူခဲ့သည်။ ပထမအသုတ်အဖြစ် တန်ချိန် ၂၄၆ တန်သည် ၂၀၂၅ ခုနှစ် မေလအတွင်း တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ရှန်တုံပြည်နယ်(Shandong)ရှိ ချင်းတောင် (Qingdao)ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ကျန်အသုတ်များမှာ ဇွန်လအတွင်း အစီအစဉ်အတိုင်း ဆက်လက်ရောက်ရှိလာသဖြင့် ၎င်း၏ တိုက်ရိုက်ဝယ်ယူမှုကွန်ယက်(its direct procurement network)ကို ထပ်မံချဲ့ထွင်နိုင်ခဲ့သည်။

အဆိုပါနှမ်းစေ့များသည် ပြည့်ဝတောက်ပပြီး ဆီပါဝင်မှု ၅၀ ရာခိုင်နှုန်းကျော်ပါရှိကြောင်း၊ ယင်းနှမ်းစေ့များမှ ထုတ်ယူထားသော နှမ်းဆီများတွင် အဆီပါဝင်မှုကြွယ်ဝပြီး စားချင်စဖွယ်ရနံ့ရှိကြောင်း ထုတ်လုပ်ရေးလုပ်ငန်း၏ဝယ်ယူမှုမန်နေဂျာ(procurement manager)က ထုတ်ကုန် ၏အရည်အသွေးကို ချီးကျူးပြောကြားခဲ့သည်။

Chengdu Yimin Investment Group အနေဖြင့် အာဖရိကစျေးကွက်ရှိ ၎င်းတို့၏ စွမ်းဆောင်နိုင်မှုကို ဆက်လက်ချဲ့ထွင်ပြီး တိုက်ရိုက်ဝယ်ယူမှုလမ်းကြောင်းများကို ထပ်မံချောမွေ့စေရန် ဆောင်ရွက်သွားမည်ဖြစ် သည်။တိုးပွားလာသောလုပ်ငန်းများအနေဖြင့် တရုတ်-အာဖရိကစိုက်ပျိုး ထုတ်ကုန်များအတွက် ထိရောက်သောနယ်စပ်ဖြတ်ကျော်လမ်းကြောင်းများတည်ဆောက်ရန် ကွင်းဆင်းလုပ်ဆောင်ချက်များကို ဆောင်ရွက်နေကြပြီး စိုက်ပျိုးရေးကဏ္ဍကုန်သွယ်မှုတွင် အပြန်အလှန်ယုံကြည်မှုနှင့် စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေရန် ဆောင်ရွက်နေကြသည်။

တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်(Shandong)၊ ဝေဟိုင်မြို့(Weihai)ရှိ Triangle Tyre Co., Ltd ၏ စက်ရုံတစ်ခုတွင် စမတ်ထုတ်လုပ်မှုလိုင်းများ(smart production lines)အပြည့်အဝလည်ပတ်နေသည်။ အာဖရိကနိုင်ငံမှတင်သွင်းထားသော ရော်ဘာပစ္စည်းများကို ညီညာသော ရော်ဘာတောင့်အမှတ်အသားများပါသည့် စွမ်းရည်မြင့်တာယာများအဖြစ် ဂရုတစိုက်ပြုပြင်ထုတ်လုပ်ထားသည်။ ယင်းကုမ္ပဏီသည် ဥရောပ၊ အရှေ့တောင်အာရှနှင့် လက်တင်အမေရိက(Latin America)ရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၈၀ ကျော်သို့ ၎င်း၏ထုတ်ကုန်များကို တင်ပို့လျက်ရှိပြီး နှစ်စဉ်တာယာကုန်ကြမ်း ရော်ဘာတန်ချိန်သောင်းချီ အသုံးပြုလျက်ရှိသည်။ ရော်ဘာကုန်ကြမ်းပစ္စည်းများဝယ်ယူသည့်အခါ ကုမ္ပဏီအနေဖြင့် အာဖရိကနိုင်ငံများသို့ ပိုမိုအာရုံစိုက်လာသည်။

သုညအကောက်ခွန်မူဝါဒအသက်ဝင်လာသည့်အချိန်မှစ၍ လိုင်ဘေးရီးယားနိုင်ငံ(Liberia)မှတင်သွင်းသည့် သဘာဝရော်ဘာမီးခိုငွေ့ပြားများ (natural rubber smoked sheets)အတွက် အကောက်ခွန်နှုန်းထားကို ၂၀ ရာခိုင်နှုန်းမှ သုည “၀” သို့ လျှော့ချခဲ့သည်။ ပထမအသုတ်တစ်ခုတည်းတွင် တရုတ်ယွမ် ၃၀၀,၀၀၀(အမေရိကန်ဒေါ်လာ ၅၅,၀၀၂)ခန့် အကောက်ခွန်လျှော့ချခွင့်ရရှိခဲ့ကြောင်း Triangle Tyre ၏ဘဏ္ဍာရေးဌာန၊ တာဝန်ခံမန်နေဂျာ Du Xiaoping က ပြောကြားခဲ့သည်။ လိုင်ဘေးရီးယား၏သဘာဝရော်ဘာသည် ဇီဝအခြေခံသော(bio-based)၊ ပြန်လည်ပြည့်ဖြိုးမြဲသော(renewable) စက်ဝန်း(circular) ကုန်ကြမ်းပစ္စည်းများအတွက် ရေရှည်တည်တံ့သော အသိအမှတ်ပြုအစီအစဉ် ISCC PLUS အောက်တွင် အတည်ပြုခံထားရပြီး အဆင့်မြင့်တာယာများအတွက် အဓိကကုန်ကြမ်းတစ်ခုဖြစ်သာမက ထူးခြားသော ဟောင်းနွမ်းမှုဒဏ်ခံနိုင်စွမ်းနှင့် ပျော့ပျောင်းမှုတို့ကို ပေးစွမ်းနိုင်သည်။

တရုတ်နိုင်ငံ၏အကြီးဆုံးရော်ဘာတင်သွင်းသည့်သင်္ဘောဆိပ်ကမ်းသည် ချင်းတောင်မြို့(Qingdao)တွင်တည်ရှိပြီး အဓိကတာယာထုတ်လုပ်သူအများအပြားနှင့် ဝန်းရံထားသည်။ ချင်းတောင်အကောက်ခွန်ဌာန၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ရှန်တုံပြည်နယ်(Shandong)သည် အာဖရိကနိုင်ငံမှ ကုန်ပစ္စည်းတန်ဖိုး ယွမ် ၈၇.၆၄၅ ဘီလီယံတင်သွင်းခဲ့ပြီး ယခင်နှစ်တင်သွင်းမှုထက် ၅၀.၃ ရာခိုင် နှုန်းတိုးတက်ခဲ့သည်။၎င်းတို့အနက် သဘာဝနှင့် ဓာတုရော်ဘာတင်သွင်း မှုသည် ယွမ် ၂.၆ ဘီလီယံထိရောက်ရှိခဲ့ပြီး ၅၀.၇ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

မာလီနိုင်ငံ(Mali)၊ နိုင်ဂျာနိုင်ငံ(Niger)နှင့် ဇမ်ဘီယာနိုင်ငံ(Zambia) ကဲ့သို့သောကုန်သွယ်မှုတက်ကြွသည့် LDCs နိုင်ငံများအပေါ် အာရုံစိုက်ခြင်းဖြင့် ချင်းတောင်အကောက်ခွန်သည် အဆိုပါနိုင်ငံများစွာ၏ ကုန် ပစ္စည်းများကို တတိယနိုင်ငံသင်္ဘောဆိပ်ကမ်းများမှတစ်ဆင့် လွှဲပြောင်းတင်သွင်းရမည်ဟူသောအချက်ကို ထည့်သွင်းစဉ်းစားလျက် စာရွက် စာတမ်းလိုအပ်ချက်များကို ရိုးရှင်းအောင်ပြုလုပ်ပေးနိုင်ခဲ့သည်။

ရှန်တုံပြည်နယ်ရှိ သင်္ဘောဆိပ်ကမ်းများသည်လည်း သင်္ဘောလမ်းကြောင်းများကို တိုးချဲ့ခဲ့ပြီး ပိုမိုထိရောက်သော၊ အဆင်ပြေသော လမ်းကြောင်းများကို ဝန်ဆောင်ပေးလျက်ရှိသည်။ ချင်းဆောင်ဆိပ်ကမ်းသည် အာဖရိကသင်္ဘောလမ်းကြောင်းကိုးခုဖြစ်သော ကင်ညာ(Kenya)၊ တန်ဇန်းနီးယား(Tanzania)၊ နိုင်ဂျီးရီးယား(Nigeria)နှင့် ဘီနင်(Benin) အပါအဝင် အာဖရိကနိုင်ငံ ၁၁ နိုင်ငံရှိ ဆိပ်ကမ်း ၁၇ ခုသို့ တိုက်ရိုက်ဆက်သွယ်ထားသည်။ ရှန်တုံပြည်နယ်၊ ယန်တိုင်း(Yantai)ဆိပ်ကမ်းရှိ တရုတ်-အာဖရိကသင်္ဘောလိုင်းများသည် ဂီနီ(Guinea)၊ တန်ဇန်းနီးယား (Tanzania)၊ တောင်အာဖရိက(South Africa)၊ နမ်မီးဘီးယား (Namibia)နှင့် အခြားနိုင်ငံနှင့် ဒေသများသို့ ရောက်ရှိနိုင်ပြီး နှစ်စဉ်ကုန်စည်စီးဆင်းမှုတန်ချိန်ငါးသန်းကျော်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်း ထားသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/1209/c90000-20400006.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News