တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံသို့ အေးခဲဝက်သား(chilled pork)ကို ပထမဆုံးအကြိမ် တင်ပို့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်(Hunan Province)မှ အရာရှိများနှင့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အာဖရိကဝက်တုပ်ကွေးကပ်ရောဂါ(global African swine fever epidemic)ကြောင့် ၂၀၁၈ ခုနှစ်တွင် တင်သွင်းမှုပိတ်ပင်ထားခဲ့ပြီးနောက် စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အေးခဲဝက်သားကို ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် နှစ်နိုင်ငံအစားအစာကုန်သွယ်မှုတိုးချဲ့လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၊ ချန်ဒီမြို့(Changde)၊ ဟန်ရှုကောင်တီ(anshou County)ရှိ ဝက်သားထုတ်လုပ်သူ Hunan Huale Foodstuff Co., Ltd ၏ဒုတိယအထွေထွေမန်နေဂျာ Peng Huifeng က ပထမဆုံးတင်ပို့မှုများသည် တစ်လကျော်အတွင်း စင်ကာပူနိုင်ငံသို့ ရောက်ရှိရန်မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ယင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ် (Chongqing Municipality)တွင်ကျင်းပသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်-စင်ကာပူပူးတွဲကောင်စီ(China-Singapore Joint Council)၏ ဒီဇင်ဘာလ ၁၅ ရက် နှစ်ပတ်လည်အစည်းအဝေးတွင် ရရှိခဲ့သော ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များ၏ နောက်ဆက်တွဲအကောင်အထည်ဖော်ဆောင်ရွက်မှုဖြစ်သည်။
အစားအစာကုန်သွယ်မှုသဘောတူညီချက်(food trade agreement) အရ ချုံချင့်၊ ဟေလုံကျန်း (Heilongjiang)နှင့် ဟူနန်(Hunan)ပြည်နယ်များမှ ဝက်သားနှင့် ပြုပြင်ထားသော ဝက်သားထုတ်ကုန်အချို့ကို စင်ကာပူနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။ချုံချင့်နှင့် ဟေလုံကျန်းပြည်နယ် တို့သည် ပြုပြင်ထားသော ဝက်သားထုတ်ကုန်များကို ထောက်ပံ့ပေးနိုင်သော်လည်း ဟူနန်ပြည်နယ်သည် လက်ရှိတွင် စင်ကာပူနိုင်ငံသို့ အေးခဲဝက်သား(chilled pork)၊ ရေခဲရိုက်ဝက်သား(frozen pork)နှင့် ပြုပြင်ထားသော ဝက်သားထုတ်ကုန်များ(processed pork products)ကို တင်ပို့ခွင့်ပြုထားသည့် တစ်ခုတည်းသော ပြည်နယ်တစ်ခုဖြစ်ကြောင်း ဟူနန်ပြည်နယ်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန(Department of Agriculture and Rural Affairs)မှ အရာရှိ Wu Shenshu က ပြောကြားခဲ့သည်။
Wu ၏ပြောကြားချက်အရ အဆိုပါတင်ပို့မှုများသည် စင်ကာပူနိုင်ငံ၏ ပထမဆုံးအေးခဲဝက်သားတင်သွင်းမှုဖြစ်ပြီး Huale Foodstuff သည် စင်ကာပူနိုင်ငံသို့ ဝက်သားအစိမ်းနှင့် ချက်ပြုတ်ထားသော ဝက်သားနှစ်မျိုးလုံးကို တင်ပို့ရန်မှတ်ပုံတင်ထားသော တစ်ခုတည်းသော တရုတ်ကုမ္ပဏီဖြစ်သည်။
စင်ကာပူနိုင်ငံသည် ပြည်တွင်း၌ ဝက်မွေးမြူခြင်းမရှိဘဲ နှစ်စဉ်အေးခဲဝက်သားတန်ချိန် ၇၀,၀၀၀ ခန့်စားသုံးကြောင်း Wu က ပြောကြားခဲ့သည်။ ဟူနန်ပြည်နယ်သည် ယင်းဈေးကွက်၏ ထက်ဝက်ခန့်ကို (၂)နှစ်အတွင်း သိမ်းပိုက်ရန် ရည်ရွယ်ထားပြီး ၎င်းသည် တစ်နေ့လျှင် စားသုံးမှုတန်ချိန် ၁၀၀ ကျော်နှင့်ညီမျှကြောင်း Wu က ထပ်လောင်းပြောကြားခဲ့သည်။
အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် ဇီဝလုံခြုံရေးထိန်းချုပ်မှုများ(biosecurity controls)ကို အားကောင်းစေရန်အတွက် တင်ပို့သူအား ပံ့ပိုးရန် ချန်းရှ(Changsha) အကောက်ခွန်နှင့်အခြားအေဂျင်စီများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း Wu က ပြောကြားခဲ့သည်။
Huale Foodstuff ၏ လုပ်ငန်းများသည် ဝက်မွေးမြူခြင်း၊ သားသတ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်လျှင် ဝက်အကောင်ရေ ၁၂၀,၀၀၀ ခန့်ထုတ်လုပ်ကြောင်း Hanshou ကောင်တီ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနအကြီးအကဲ Xiao Min က ပြောကြားခဲ့သည်။
ဟောင်ကောင်မြို့သို့ ဝက်များထောက်ပံ့ပေးရာတွင် ဆယ်စုနှစ်ခြောက်ခုကျော်အတွေ့အကြုံရှိသော ဝက်ထုတ်လုပ်သူ Hunan New Wellful Co., Ltd. သည် Huale Foodstuff သို့ တစ်နှစ်လျှင် ဝက်အကောင်ရေ ၂၀၀,၀၀၀ ထပ်မံထောက်ပံ့ပေးနိုင်ပြီး ဆေးဝါးအသုံးပြုမှုနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ နည်းပညာပံ့ပိုးမှုများကို ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း Xiao က ပြောကြားခဲ့သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/1222/c90000-20405035.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)