International News

ရုရှားရေနံစိမ်းဈေးကွက်

Last Updated:

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ရုရှား၏ ရေနံနှင့် လောင်စာဆီကဏ္ဍမှာ ဖိအားများဆက်လက်ရင်ဆိုင်နေရသည်။ ဇွန်လ ၂၇ ရက်တွင် ယူကရိန်းသည် မော်စကိုသို့ ဒီဇယ်ဆီပို့ဆောင်ရာတွင် အရေးပါသည့် Vtorovo ရေနံပို့လွှတ်ရေးစခန်းကို ယခုလအတွင်း ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုသည် ရုရှား၏ ရေနံထောက်ပံ့ရေးကွန်ရက်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးစနစ်များအပေါ် ဖိအားတိုးလာစေရန် ရည်ရွယ်ထားကြောင်း သုံးသပ်ထားသည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံအတွင်း လောင်စာဆီရှားပါးမှုသည် ဆက်လက်ပြင်းထန်နေပြီး အစိုးရက ဓာတ်ဆီနှင့် လေယာဉ်ဆီတင်ပို့မှုကိုပိတ်ပင်ထားသည့်အပြင် ဒီဇယ်တင်ပို့မှုကိုပါ ယာယီပိတ်ပင်ရန်စဉ်းစားနေသည်။ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရေနံချက်စက်ရုံအများအပြားထိခိုက်ခဲ့သဖြင့် ရုရှား၏ ဓာတ်ဆီထုတ်လုပ်မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ်ပြတ်လပ်မှုများ၊ ဆီဆိုင်များ၌ ယာဉ်တန်းရှည်များဖြစ်ပေါ်လျက်ရှိသည်။ ယင်းအခြေ အနေကိုဖြေရှင်းရန် ရုရှားလွှတ်တော်က အခွန်ဥပဒေပြင်ဆင်ချက်များကိုအတည်ပြုခဲ့ပြီး လောင်စာဆီတင်သွင်းမှုကိုလည်း မြှင့်တင်ရန် ဆောင်ရွက်နေသည်။

သို့သော် ရုရှားသည် ရေနံစိမ်းတင်ပို့မှုကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေပြီး အနောက်ပိုင်းဆိပ်ကမ်းများဖြစ်သည့် Primorsk၊ Ust-Luga နှင့် Novorossiysk တို့မှ ဇွန်လအတွင်း ရေနံစိမ်းတင်ပို့မှုသည် စံချိန်တင်ပမာဏသို့ ရောက်ရှိနိုင်ကြောင်း ဈေးကွက်သတင်းရင်းမြစ်များက ခန့်မှန်းထားသည်။ ရေနံချက်စက်ရုံများမလည်ပတ်နိုင်သည့် ရေနံ စိမ်းအချို့ကို ပြည်ပသို့ တိုက်ရိုက်တင်ပို့နေခြင်းကလည်း ယင်းတိုးမြင့်မှု၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း သိရသည်။

Source          :  https://www.reuters.com

                     :  https://www.opec.org

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News