ဂျပန်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် လေဆိပ်များ၌ အကောက်ခွန်ရှင်းလင်းကြေညာခြင်းကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အပြည့် အဝဆောင်ရွက်သွားမည်ဖြစ်ကြောင်း The Mainichi သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan to fully digitalize airport customs declaration by 2030” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်မှစတင်၍ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ၆၀ သန်းလာရောက်လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း၊ နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် ဂျပန်နိုင်ငံရှိလေဆိပ်များ၌ အကောက်ခွန်ရှင်းလင်းကြေညာသည့်လုပ်ငန်းစဉ်များကို ဒစ်ဂျစ်တယ်စနစ်သို့ အပြည့်အဝပြောင်းလဲဆောင်ရွက်သွားမည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ပြောကြားခဲ့ရာတွင် ဂျပန်နိုင်ငံသို့လာရောက်သည့်ခရီးသည်နှင့်တပါတည်း သယ်ဆောင်လာသော ပစ္စည်းများနှင့် သီးခြားသယ်ဆောင်လာသောပစ္စည်းများအတွက် အကောက်ခွန်ရှင်းလင်းကြေညာသည့် လုပ်ငန်းစဉ်အားလုံးကို ဒစ်ဂျစ်တယ်စနစ်သို့ အပြည့်အဝပြောင်းလဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၃၀ ပြည့်နှစ်သို့အရောက်တွင် ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့်ခရီးသည်များအနေဖြင့် အွန်လိုင်းတွင် မိမိတို့၏အမည်နှင့် နေရပ်လိပ်စာများကို ဖြည့်စွက်ပြီးနောက်ရရှိလာမည့် QR Codeများအသုံးပြု၍ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ အလွယ်တကူလုပ်ဆောင်နိုင်ရန် လုံခြုံစိတ်ချမှုရှိပြီး စနစ်တကျကိုင်တွယ်နိုင်သည့် အကောက်ခွန်မျှော်မှန်းချက်(၂၀၃၀)စီမံကိန်းကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဂျပန်နိုင်ငံသည် အီလက်ထရွန်နစ်စနစ်ဖြင့် အကောက်ခွန် ရှင်းလင်းကြေညာသည့်စနစ်ကို ၂၀၁၉ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ စာရင်းဇယားများအရ အကောက်ခွန်ရှင်းလင်းကြေညာရန် လျှောက်ထားမှုစုစုပေါင်း၏ ထက်ဝက်ခန့်မှာ စာရွက်စာတမ်းများဖြင့်သာ တင်ပြနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် ဂျပန်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်သို့အရောက်တွင် လုပ်သားပြတ်လပ်မှုနှင့် စက်ပစ္စည်းကန့်သတ်ချက်စသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် Narita နှင့် Osaka အပါအဝင် နိုင်ငံ၏ အဓိကလေဆိပ်ကြီးများ၌ ခရီးသွားများသယ်ဆောင်လာသည့်အရေအတွက် များပြားသော အထုတ်ငယ်များအား X-ray ရောင်ခြည်ဖြင့် စစ်ဆေးခြင်းကို ဉာဏ်ရည်တုနည်းပညာအခြေခံ၍ စစ်ဆေးသည့်စနစ်ဖြင့် အပြည့်အဝဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီး သည်လာရောက်လည်ပတ်သည့်ဦးရေသည် ၂၀၂၅ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် သန်း ၄၀ ကျော်လွန်သွားခဲ့ရာ ယခုဆောင်ရွက်မည့်စီမံဆောင်ရွက်မှုများဖြင့် နိုင်ငံရှိ အကောက်ခွန်အရာရှိများ၏ လုပ်ငန်းဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန် မျှော်လင့်ထားကြောင်း ဖော်ပြထားပါသည်။
Source: https://mainichi.jp/english/articles/20260624/p2g/00m/0bu/006000c
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)