International News

အိန္ဒိယနိုင်ငံ၏ တိုးတက်မှုနှုန်းသည် ၂၀၂၅ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်းနှင့်အထက်ဖြစ်နိုင်သည်ဟု NCAER ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၇ % ထက်ပိုမို လျင်မြန်စွာကြီးထွားနိုင်သည်ဟု အမျိုးသားအသုံးချစီးပွားရေးသုတေ သနကောင်စီ(National Council of Applied Economic Research - NCAER) က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ၎င်း၏လစဉ် စီးပွားရေးသုံးသပ်ချက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုနှင့် ကုန်သွယ်မှုပမာဏနှစ်ခုစလုံးတွင် အရှိန်အဟုန်ဖြင့် တိုးတက်မည်ဟုခန့်မှန်းထားခြင်းများနှင့် ပုံမှန်မုတ်သုံရာသီထက်ပိုမိုကောင်းမွန်မည်ဟု ခန့်မှန်းချက်များအရ အိန္ဒိယစီးပွားရေးသည် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ၇ % အထက်တိုးတက်မှုနှုန်းကို ထပ်မံရရှိနိုင်ကြောင်း NCAER ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Poonam Gupta က ပြောကြားထားသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ယခုလအစောပိုင်းတွင် အိန္ဒိယ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုးတက်မှုခန့်မှန်းချက်ကို အစောပိုင်းက ခန့်မှန်းထားသည့် ၆.၅% မှ ၆.၈ % သို့ တိုးမြှင့်ပြင်ဆင်ခန့်မှန်းခဲ့သည်။

အိန္ဒိယအစိုးရ၏ အချက်အလက်များအရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏စီးပွားရေးသည် ၇.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

NCAER ၏ဧပြီလစီးပွားရေးဆန်းစစ်ချက်တွင် အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် ဖေဖော်ဝါရီလနှင့်မတ်လတွင် အရှိန်အဟုန်ဖြင့်မြင့်တက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၁၆ နှစ်တာကာလအတွင်း ကုန်ထုတ်လုပ်မှုဆိုင်ရာ PMI  အညွှန်းကိန်းသည် အမြင့်ဆုံးဖြစ်လာခဲ့ခြင်းနှင့်  ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တစ်စုတစ်စည်းတည်းသော ငွေပေးချေမှုစနစ်(Unified Payments Interface - UPI) ဖြင့်  ငွေပေးချေမှုများအမြင့်ဆုံးပမာဏသို့ ရောက်ရှိလာခြင်း စသည့်အညွှန်းကိန်းများကောင်းမွန်မှုသည် အိန္ဒိယနိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်လာမှုအခြေအနေကို ညွှန်းဆိုနေကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

Source: India growth may top 7 % in FY 25: NCAER, The Economic Times, 29 April, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News