International News

အိန္ဒိယအစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် စားသုံးဆီဖူလုံရေးကိစ္စပါဝင်လာဖွယ်ရှိ

Last Updated:

အိန္ဒိယအစိုးရမှ မကြာမီထုတ်ပြန်ကြေညာသွားဖွယ်ရှိသည့် ရက် ၁၀၀ စီမံချက်တွင် စားသုံးဆီဖူလုံရေးကိစ္စပါဝင်လာဖွယ်ရှိကြောင်းသိရသည်။ အဆိုပါအမျိုးသားစားသုံးဆီဖူလုံရေးစီမံချက်အရ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန သည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဆီထွက်သီးနှံထုတ်လုပ်မှုကို လက်ရှိအထွက်နှုန်းတန်ချိန် ၄၀ သန်းမှ ၄၁ သန်းမှ နောက်ထပ်တန်ချိန် ၂ သန်းမှ ၃ သန်းအထိမြှင့်တင်သွားရန်နှင့်စားသုံးဆီအား ပြည်ပမှတင်သွင်းမှုအပေါ်မှီခို အားထားမှုလျှော့ချရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၇ ရက်က ဖော်ပြသည်။

အဆိုပါစီမံချက်တွင် ကာလရှည်နှင့် ကာလတိုရည်မှန်းချက်များပါဝင်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၅ -၁၆ ခုနှစ်က စားသုံးဆီကို ပြည်ပမှတင်သွင်းမှု ၆၃ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်မားခဲ့ပြီး၊ ၂၀၂၂-၂၃ စားသုံးဆီနှစ်(နိုဝင်ဘာလမှ အောက်တိုဘာလအထိ)တွင် ၅၆ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ အဓိကစိန်ခေါ်မှုအခက် အခဲမှာ စိုက်ပျိုးဧရိယာကန့်သတ်ချက်များရှိနေလင့်ကစား ပြည်တွင်းထုတ်လုပ်မှုကို တတ်နိုင်သမျှတိုးမြှင့်ပြီး ပြည်ပမှတင်သွင်းမှုကို မည်သို့ထပ်မံ၍လျှော့ချသွားမည်ဆိုသည့်ကိစ္စရပ်ဖြစ်ပါကြောင်း တရားဝင်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က တန်ချိန် ၁၂ ဒသမ ၆၉ သန်းသာရှိခဲ့သော ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် စားအုန်းဆီကြမ်း(crude palm oil-CPO)တန်ချိန် ၁ ဒသမ ၁ သန်းအပါ အဝင် စုစုပေါင်းတန်ချိန် ၁၄ ဒသမ ၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားရန် လျာထားသတ်မှတ်ထားကြောင်း သိရ သည်။

နိုင်ငံအနေဖြင့် ပြည်ပမှ ဆီထွက်သီးနှံတင်သွင်းမှုအပေါ် မှီခိုအားထားမှုလျှော့ချရန် ပြည်တွင်းဆီထွက်သီးနှံထုတ်လုပ်မှုကို မြှင့်တင်မည့် ကျိုးကြောင်းဆီလျော်ပြီး ပြည့်စုံသောအစီအစဉ်တစ်ရပ်အား အကောင်အထည်ဖေါ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေဆိုင်ရာ(ဘတ်ဂျက်)အစည်းအဝေးတစ်ခုတွင် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါဘတ်ဂျက်အစည်းအဝေးတွင် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးရည်မှန်းချက်(ဆီထွက်သီးနှံကဏ္ဍ)နှင့် အမျိုး သားစားသုံးဆီရည်မှန်းချက်(စားအုန်းဆီ)တို့အရ ဆီထွက်သီးနှံမျိုးစိတ်မျိုးကွဲအသစ်များဖေါ်ထုတ်ခြင်းစသည့် ပုံမှန် အဆင့်များကို ဆောင်ရွက်ပြီးစီးသည်နှင့် ၎င်းအစီအစဉ်အား သိသိသာသာဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီးဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၂၄-၂၅ ခုနှစ် ကြားဖြတ်ဘတ်ဂျက်ကာလတွင် ၂၀၂၂ ခုနှစ်က စတင်ထုတ်ပြန်ခဲ့သော အဆိုပါကိစ္စအပေါ် မုံညှင်း၊ နှမ်း၊ ပဲပိစပ်နှင့် နေကြာကဲ့သို့ ဆီထွက်သီးနှံများအတွက် ကိုယ့်အားကိုယ်ကိုးရေး(‘atmanirbharta’) ရည်မှန်းချက်အောင်မြင်အောင် မဟာဗျူဟာတစ်ရပ်ရေးဆွဲသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ ၎င်းတွင် အထွက်နှုန်းမြင့်မားသော မျိုးစိတ်မျိုးကွဲများကို သုတေသနပြုခြင်း၊ ခေတ်သစ်စိုက်ပျိုးရေးနည်းလမ်းများကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်း၊ ဝယ်ယူခြင်း၊တန်ဖိုးမြှင့်ခြင်းနှင့် သီးနှံအာမခံကိစ္စရပ် အားလုံးပါဝင်ကြောင်း သိရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လက ဗဟိုအစိုးရမှကူညီထောက်ပံ့သော အစီအစဉ်တစ်ရပ်ဖြစ်သော စားအုန်းဆီဆိုင်ရာ အမျိုးသားစားသုံးဆီရည်မှန်းချက်(National Mission on Edible Oils–Oil Palm-NMEO-OP)အတွက် ရူပီး ၁၁၀၄၀၀ သန်းသုံးစွဲရန် လျာထားသတ်မှတ်ခဲ့ပြီး နိုင်ငံ၏အရှေ့မြောက်ပိုင်းဒေသ၊ အက်ဒမန်နှင့် နီကိုဘားကျွန်းစုများတွင် အဓိကထားဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါအစီအစဉ်အရ ဆီအုန်းစိုက်ဧရိယာဟက်တာ ၆ ဒသမ ၅ သိန်းအထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ ၂၀၂၅-၂၆ ခုနှစ်တွင် စုစုပေါင်းဆီအုန်းစိုက်ဧရိယာဟက်တာ ၁၀ သိန်း ရှိလာရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၁-၂၂ ခုနှစ်က ပြည်ပမှစားအုန်းဆီတင်သွင်းမှု ရူပီး ၁၅၆၀ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂-၂၃ စားသုံးဆီနှစ်တွင် ရူပီး ၁၃၈၀ ဘီလီယံသို့ကျဆင်းခဲ့သည်။ ၂၀၂၀-၂၁ ခုနှစ်က စားသုံးဆီတင်သွင်းမှု ရူပီး ၁၁၇၀ ဘီလီယံရှိမည်ဟု ခန့်မှန်းကြောင်း သိရသည်။ လက်ရှိစားသုံးဆီနှစ်၏ ပထမ ၇ လတာကာလ(နိုဝင်ဘာလမှ မေလ)အတွင်း ပြည်ပမှ စားသုံးဆီတင်သွင်းမှု တန်ချိန် ၈ ဒသမ ၅၇ သန်းရှိကာ ယခင်နှစ်ကာလတူက ၉ ဒသမ ၀၆ သန်းရှိခဲ့သည့်အတွက် ၅ ဒသမ ၃၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း Solvent Extractors’ Association of India(SEA) က ပြောကြားခဲ့သည်။

ရည်ညွှန်း။          The Hindu Businessline, Govt’s 100 days programme may include launch of Edible Oil Mission, June 17, 2024  

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News