International News

အိန္ဒိယနိုင်ငံတွင် မုတ်သုန်ရာသီကောင်းမွန်ဖွယ်ရှိသည့်အတွက် လာမည့်သကြားရာသီတွင် သကြားထုတ်လုပ်မှုတိုးတက်ဖွယ်ရှိ

Last Updated:

ကမ္ဘာ့သကြားအများဆုံးစားသုံးပြီး၊ ဒုတိယအများဆုံးထုတ်လုပ်သောနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ သကြားရာသီတွင် သကြားထုတ်လုပ်မှုသိသိသာသာတိုးတက်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်ကို အိန္ဒိယမိုးလေဝသဌာနမှ ယခုနှစ်မုတ်သုန်ရာသီကောင်းမွန်ဖွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းချက်အပေါ်အခြေခံ၍ အပြုသဘောသုံးသပ်ထားခြင်းဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ဇွန်လ ၂၆ ရက်နေ့က ဖော်ပြသည်။

ယခုလ ၂၅ ရက်နေ့က နယူးဒေလီမြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ညီလာခံ၏ဆက်စပ်အစည်းအဝေးတစ်ခု၌ ပြည်ထောင်စုစားနပ်ရိက္ခာဝန်ကြီး Pralhad Joshi က ယင်းသို့ခန့်မှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်သော လက်ရှိရာသီတွင် ခန့်မှန်းခြေသကြားတန်ချိန် ၃၂ သန်းခန့်ထုတ်လုပ်နိုင်မည်ကြောင်း သို့သော် အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုကို ဦးစားပေးရန်နှင့် သကြားထုတ်လုပ်မှုအပေါ် မုတ်သုန်ရာသီ၏အကျိုးသက်ရောက်မှုမည်မျှရှိနိုင်မည်ကို စောင့်ကြည့်အကဲခတ်ရန် ပြည်ပသို့သကြားတင်ပို့မှုကို လတ်တလောခွင့်ပြုသွားဖွယ်မရှိဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် တစ်ဖက်တွင် ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရာတွင်ပါဝင်သည့် ၎င်း၏အခန်းကဏ္ဍအားမြှင့်တင်ရန် အီသနောထုတ်လုပ်မှုကို တက်တက်ကြွကြွအားပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ် မေလက ဓါတ်ဆီတွင် အီသနောရောစပ်မှုနှုန်း ၁၂ ဒသမ ၅ ရာ ခိုင်နှုန်းအထိရရှိခဲ့ပြီးဖြစ်ကာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အဆိုပါရောစပ်နှုန်းအား ၂၀ ရာခိုင်နှုန်းအထိရရှိရန် ၎င်းအနေဖြင့် ရည်မှန်းထားကြောင်း သိရသည်။

တိုင်းပြည်၏ နှစ်စဉ်စုစုပေါင်းအီသနောထုတ်လုပ်နိုင်စွမ်းမှာ လီတာ ၁၅၀၀၀ သန်းရှိပြီး အဆိုပါပမာဏတွင် ကြံအခြေပြုပေါင်းခံစက်ရုံများမှ ထုတ်လုပ်မှုလီတာ ၉၀၀၀ သန်းခန့်ပါဝင်ကြောင်း သိရသည်။ လာမည့် ၂၀၂၃-၂၄ အီသနောအရောင်းနှစ်(Ethanol Supply Year-ESY)တွင် သီးနှံအခြေပြုပေါင်းခံစက်ရုံများမှ အီသနောထုတ်လုပ်မှု ပိုမိုများပြားလာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ထို့အပြင် လာမည့်ရာသီတွင် သကြားထုတ်လုပ်မှုတိုးတက်ဖွယ်ရှိကြောင်း အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း(Indian Sugar & Bio-energy Manufacturers Association-ISMA)က ခန့်မှန်းထားသည်။ အပြည်ပြည်ဆိုင်ရာသကြားအဖွဲ့(International Sugar Organisation -ISO)ဥက္ကဌ Sanjeev Chopra ကလည်း ကြံစိုက်ပျိုးမှုအတွက် လုံလောက်သောမိုးရေချိန်ရရှိလာသည့်အတွက် သကြားကို ပြည်တွင်းစားသုံးမှုနှင့် အီသနောထုတ်လုပ်မှုအတွက် လုံလောက်အောင်ထုတ်လုပ်ပေးနိုင်လိမ့်မည်ဟု ထောက်ခံပြောကြားခဲ့သည်။

အိန္ဒိယသကြားကဏ္ဍအနေဖြင့် မုတ်သုန်ဥတု၏ မျက်နှာသာပေးမှုနှင့် အီသနောရောစပ်မှုမြှင့်တင်ရန် အစိုးရ၏ အစပြုဆောင်ရွက်ချက်များကြောင့် အတက်ဖက်သို့ ဦးတည်လာခဲ့သော်လည်း အခက်အခဲနှင့် စိန်ခေါ်မှုများရှိနေဆဲဖြစ်သည်။ အစိုးရအနေဖြင့် ကြံစိုက်ပျိုးမှုလုပ်ငန်းတွင် ရေအသုံးပြုမှုလျှော့ချနိုင်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို တိုက်တွန်းအားပေးလျက်ရှိသကဲ့သို့ အီသနောထုတ်လုပ်မှု၌ ကြံရည်အသုံးပြုမှုအား ကန့်သတ်ထားသည့်အတွက် အီသနောရောင်းလိုအားအပေါ် ကန့်သတ်မှုများရင်ဆိုင်ရဖွယ်ရှိနေပါသည်။

ရည်ညွှန်း။          The Hindu Businessline, India’s sugar production set to rise on good monsoon, says food minister Joshi, June 26, 2024     

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News