International News

၂၀၂၄ ခုနှစ်အတွက် ရုရှားနိုင်ငံ၏ GDP တိုးတက်မှုသည် ၃.၆ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ခန့်မှန်း

Last Updated:

၂၀၂၄ ခုနှစ်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)တိုးတက်မှုသည် ၃.၆ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရုရှားစီးပွားရေးတိုးတက်မှုနှုန်းသည် ယခင်နှစ်နှင့်တူညီသောအဆင့်တွင်ရှိမည်ဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov က ပြောကြားခဲ့ပါသည်။

ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ရုရှား နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၃.၆ ရာခိုင်နှုန်းဖြစ်ကြောင်း  သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)သည် ရုရှားနိုင်ငံ၏စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို မြှင့်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် GDP တိုးတက်မှုအတွက် ၃.၂ ရာခိုင်နှုန်းအထိ မျှော်မှန်း ထားကာ ၂၀၂၅ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းတိုးလာမည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၅.၉ ရာခိုင်နှုန်းရှိကြောင်း IMF ၏ အစီရင်ခံစာတွင် ဖော်ပြထားကာ ၂၀၂၄ ခုနှစ်တွင် ၆.၉ ရာခိုင်နှုန်းတိုးလာမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဖြစ်ကြောင်း IMF က ခန့်မှန်းထားပါသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏အလုပ်လက်မဲ့နှုန်းသည် ၃.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းသို့ကျဆင်းမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း IMF က ခန့်မှန်းထားသည်။

ရုရှားစီးပွားရေး၏တိုးတက်မှုနှုန်းသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ထားသော G7 နိုင်ငံများ၏ GDP တိုးတက်မှုနှုန်းထက် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားပါသည်။

Source :   https://ria.ru/20240419/ekonomika-1941167523.html

               https://tass.ru/ekonomika/20562277

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News