International News

ရုရှားနိုင်ငံ၌ Jetour အမှတ်တံဆိပ် ကားအစီးရေ ၅ သောင်းအထိ ရောင်းချရန် စီစဉ်

Last Updated:

ရုရှားနိုင်ငံ၊ Kaliningrad ဒေသရှိ “Avtotor” ကားထုတ်လုပ်ရေးစက်ရုံတွင် မော်တော်ကားများစတင်ထုတ်လုပ်သည့် တရုတ်မော်တော်ကားကုမ္ပဏီ Jetour သည် ၂၀၂၄ ခုနှစ်တွင် လူစီးမော်တော်ယာဉ်မော်ဒယ်အမျိုးအစားအားလုံး၏ ၃ သောင်းမှ ၅ သောင်းအထိ ရောင်းချရန် မျှော်လင့်ထားကြောင်း Jetour Dashing crossover ထုတ်လုပ်ရေးမိတ်ဆက်ပွဲအခမ်းအနားတွင် Jetour ၏ နိုင်ငံတကာဈေးကွက်များ ဒါရိုက်တာ Mr. Liang Bin က သတင်းထောက်များအား ပြောကြားခဲ့သည်။

Kaliningrad တွင် Jetour Dashing crossover ကားအမျိုးအစားအပြင် အခြားမော်ဒယ်များကိုလည်း ထုတ်လုပ်ရန်စီစဉ်ထားကြောင်း၊ ၂၀၂၄ နှစ်ကုန်ပိုင်းတွင် Jetour X70 Plus ကို ထုတ်လုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် T2 SUV ကို ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း Mr. Liang Bin မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် Jetour အမှတ်တံဆိပ်မော်တော်ယာဉ်ထုတ်ကုန်များဖြစ်သည့် X70၊ X90 ၊ Dashing နှင့် T2 မော်ဒယ်အမျိုးအစားလေးမျိုးသည် Jetour ကို ကိုယ်စားပြုလျက်ရှိသည်။

“Avtotor” ကားထုတ်လုပ်ရေးစက်ရုံသည် ၁၉၉၇ ခုနှစ်ကတည်းက မော်တော်ယာဉ်များကို ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ဂျာမန် BMW အမှတ်တံဆိပ်များအပြင် တောင်ကိုရီးယား Kia နှင့် Hyundai တို့ကို ထုတ်လုပ်ခဲ့သည်။ လက်ရှိတွင် တရုတ်အမှတ်တံဆိပ်များဖြစ်သည့် Kaiyi၊ BAIC၊ SWM၊ Foton၊ Dongfeng Sokon၊ JMC နှင့် Jetour တို့မှ လူစီးမော်တော်ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များကို တပ်ဆင်ထုတ်လုပ် လျက်ရှိပါသည်။

Source :   https://www.interfax.ru/business/955965

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News