International News

ရုရှားသို့ တရုတ်မှ ဆန်တင်ပို့မှုပမာဏ မြှင့်တက်

Last Updated:

၂၀၂၄ ခုနှစ်၊ မေလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တင်ပို့မှုပမာဏသည် တန်ချိန် ၄၀၀၀ ရှိခဲ့ကြောင်း၊ ရုရှားနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုပိတ်ပင်ထားပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တရုတ်နိုင်ငံ၏တင်ပို့မှုသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း နှစ်နိုင်ငံကုန်သွယ်မှုအချက်အလက်များက ဖော်ပြသည်။

ရုရှားတွင် ဆန်နှင့် ဆန်စပါးတင်ပို့မှုယာယီတားမြစ်ချက်ကို Kuban ဒေသရှိ Fedorovsky ရေအားလျှပ်စစ်စက်ရုံမတော်တဆမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင်စတင်ခဲ့ပြီး စားသုံးသူများအတွက် ဆန်ပြတ်လပ်မှုအန္တရာယ်ကို ရှောင်ရှားရန်နှင့် ကုန်စျေးနှုန်းများတည်ငြိမ်စေရန်ရည်ရွယ်၍ ပို့ကုန်ကန့်သတ်ချက်အား အကြိမ်ကြိမ်သက်တမ်းတိုးခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိခဲ့သည်။ မကြာသေးမီက ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ယင်းတားမြစ်ချက်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ခြောက်လ ထပ်မံသက်တမ်းတိုးရန် အဆိုပြုထားကြောင်း သိရှိရပါသည်။

ရုရှားသို့ တရုတ်နိုင်ငံ၏ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် တန်ချိန် ၂၀၀၀ ရှိခဲ့ရာမှ မေလတွင် နှစ်ဆ တိုးတက်ခဲ့သည်။ ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းတိုးလာခဲ့သည်။

ရုရှားသည် တရုတ်ဆန်စားသုံးမှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မေလတွင် တရုတ်သည် ရုရှားသို့ ဆန်တင်ပို့မှုအားလုံး၏ ၃ ရာခိုင်နှုန်းရှိသည်။မေလတွင် တရုတ်သည် ပြည်ပသို့စုစုပေါင်းဆန်တန်ချိန် ၁၅၁,၆ဝဝ ကို တင်ပို့ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသို့ အဓိကဆန်တင်သွင်းခဲ့သည့် နိုင်ငံများမှာ အိန္ဒိယ(တန်ချိန် ၁၃၂,၇၈၀)၊ တရုတ်(တန်ချိန် ၂၄,၆၈၁)၊ ကာဇက်စတန်(တန်ချိန် ၂၈,၃၀၉)၊ ထိုင်း(တန်ချိန် ၂၁,၆၇၅) နှင့် တူကီရဲ(တန်ချိန် ၅,၆၂၉) တို့ဖြစ်ပါသည်။ ရုရှားနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော ဆန်စပါးများသည် ဆန်လုံးတို(short grain rice)သာဖြစ်ပြီး ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာထွက်ရှိသော်လည်း ဆန်လုံးရှည်(Long grain rice)သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း သိရှိရပါသည်။

Source :    https://ria.ru/20240623/ris-1954814012.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News