International News

ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ၅ လတာအတွင်း ကန်ဒေါ်လာ ၁.၉၆ ဘီလီယံအထိ ရောက်ရှိ

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ (၅) လတာကာလအတွင်း ရုရှား-ဗီယက်နမ် နှစ်နိုင်ငံကြား သွင်းကုန်-ပို့ကုန် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၁.၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆက်လက်တိုးတက်မည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်၏ နိုင်ငံတကာရေးရာလက်ထောက် Mr. Yuri Ushakov က ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့်ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်(FTA) သည် ၂၀၁၆ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပြီးနောက် ရုရှား-ဗီယက်နမ်ကုန်သွယ်မှုပမာဏသည် လျင်မြန်စွာတိုးတက်လာကာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းနီးပါး ပိုများခဲ့သည်။

ရုရှားနှင့် ဗီယက်နမ်တို့သည် စွမ်းအင်၊ စက်မှုအင်ဂျင်နီယာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၁၉၅၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရုရှားနှင့် ဗီယက်နမ်အကြား သံတမန်ဆက်ဆံရေးသည် အထူးသဖြင့် ၂၀၁၂ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ပြီးနောက် နယ်ပယ်အားလုံးတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ဗီယက်နမ်နှင့် EAEU အကြား FTA သဘောတူညီချက်အသက်ဝင်လာပြီးနောက် ရုရှားနှင့်ဗီယက်နမ်နှစ်နိုင်ငံကုန်သွယ်မှုသည် ပိုမိုလျင်မြန်စွာတိုးတက်လျက်ရှိသည်။ FTA သည် ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများတိုးချဲ့ရန် အခွင့်သာသောအခြေအနေများကို ဖန်တီးပေးသည်။ ရုရှားသမ္မတ၏ဗီယက်နမ်ခရီးစဉ်သည် အခွင့်အလမ်းသစ်များ ပိုမိုပွင့်လာမည်ဟုမျှော်လင့်ကြောင်း ဗီယက်နမ်သတင်းဌာနများက ဖော်ပြထားသည်။

ရုရှား-ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ Mr. Alexander Karpov ၏ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ ရုရှားသမ္မတ၏နိုင်ငံတော်ခရီးစဉ်သည် ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုများတိုးချဲ့ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်သည် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ပထဝီဝင်အနေအထားသစ်ကို ဖန်တီးလိုသည့် ရုရှား၏ဆန္ဒ သည် အရှေ့ဘက်လမ်းကြောင်းကို အာရုံစိုက်ကာ ရုရှား-ဗီယက်နမ်အပြန်အလှန်ဆက်ဆံမှုကို တိုးတက်စေမည့် ပလက်ဖောင်းတစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

Source :    https://ria.ru/20240617/tovarooborot-1953474991.html

               https://tass.ru/ekonomika/21131487

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News