International News

ယူအေအီးနိုင်ငံတွင် လေကြောင်းခရီးသွားများသည် ခရီးဆောင်အိတ်ပျောက်ဆုံးခြင်းအတွက် လေကြောင်းလိုင်းကို တရားစွဲနိုင်ပါသလား

Last Updated:

ပြီးခဲ့သည့်လအတွင်း ယူအေအီးနိုင်ငံ၊ဒူဘိုင်းမြို့မှတောင်အာရှဒေသသို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ခရီးသွားခဲ့သောခရီးသည်တစ်ဦးမှ လေယာဉ်ပေါ်သို့မတက်မီ ခရီးဆောင်အိတ်များကို သော့ခတ်၍ check-in လုပ်ထားခဲ့သော်လည်း AED ၁,၀၀၀ ကျော်တန်ဖိုးရှိသော ဖိနပ်များနှင့်ရှပ်အင်္ကျီများအပါအဝင် ပစ္စည်းအများအပြားပျောက်ဆုံးနေကြောင်း ၎င်း၏နေအိမ်သို့ရောက်သောအခါတွင် တွေ့ရှိခဲ့ပါသည်။ အဆိုပါပျောက်ဆုံးသည့်ကိစ္စရပ်အား လေကြောင်းလိုင်း သို့မဟုတ် လေဆိပ်၏လျော်ကြေးကို ရရှိနိုင်ရန်အတွက် မည်ကဲ့သို့ဆောင်ရွက်ရမည့်အပေါ် Khaleej Times သတင်းဌာန၏ ခရီးသွားများ၏ အခွင့်အရေးများနှင့်ပတ်သက်သည့် အထောက်အကူဖြစ်စေမည့် အောက်ပါအကြံပြုချက်များအား သတင်းဌာနမှ ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံမှ ထွက်ခွာလာသော သို့မဟုတ် ရောက်ရှိလာသော လေကြောင်းလိုင်းများသည် ခရီးသွားလာစဉ်အတွင်း သယ်ဆောင်သည့် သို့မဟုတ် သယ်ဆောင်ရန် ပေးအပ်ထားသည့်ပစ္စည်းများအဖြစ် သတ်မှတ်ထားသောခရီးဆောင်အိတ်များအတွက် ၂၀၂၂ ခုနှစ် ပြည်ထောင်စုဥပဒေအမိန့်အမှတ် ၅၀ ၏ ပုဒ်မ ၃၅၃(၂)တွင် ခရီးသည်များ၏ check-in ခရီးဆောင်အိတ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံ၊ ကုန်စည်ပို့ဆောင်မှုဥပဒေ၏ပုဒ်မ ၃၅၆(၁)တွင်လည်း လေကြောင်းလိုင်းများသည် လေကြောင်းသယ်ယူပို့ဆောင်ရေးမတော်တဆမှုများအတွင်း check-in ခရီးဆောင်အိတ်များပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုများအတွက်တာဝန်ရှိကြောင်း ဖော်ပြပါရှိပါသည်။

ခရီးသည်ထံသို့မပို့ဆောင်မီ ခရီးဆောင်အိတ်များ ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများအတွက် လေကြောင်းလိုင်းတာဝန်ခံသည် တူညီသော ပုဒ်မ ၃၅၉(၂)အရ အများဆုံးတစ်ကီလိုဂရမ်လျှင် AED ၅၀၀ အထိ လျော်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။

ပုဒ်မ ၃၆၈ အရ ခရီးသည်များသည် ခရီးဆောင်အိတ်များပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများအတွက် လေကြောင်းလိုင်း၏ထွက်ခွာမည့်/ဆိုက်ရောက်မည့်နေရာများတွင်တည်ရှိသော လေကြောင်းလိုင်း ရုံးချုပ်တွင် အရပ်ဘက်လျော်ကြေးတောင်ခံခြင်း သို့မဟုတ် ခရီးသွားစာချုပ်(လေယာဉ်လက်မှတ်)တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း တရားရုံးများတွင် တရားစွဲနိုင်ပါသည်။

သို့ဖြစ်၍ ခရီးဆောင်အိတ်များ ပျောက်ဆုံးခြင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များအတွက် လေယာဉ်လက်မှတ်တွင်ပါရှိသည့်စည်းကမ်းချက်များကို ပြန်လည်စစ်ဆေးရန်နှင့် လိုအပ်ပါက လေကြောင်းလိုင်းထံသို့ တိုင်ကြားချက်ပေးပို့ရန်၊ ပြဿနာများဆက်လက်ရှိနေသေးပါက တိုင်ကြားမှုများကို ဒူဘိုင်းမြို့ပြလေကြောင်းအာဏာပိုင်ထံသို့ ထပ်မံတိုင်ကြားနိုင်ပြီး ဒူဘိုင်းတရားရုံးတွင် ဆက်လက်တရားစွဲဆိုနိုင်မည်ဖြစ်ပါသည်။ အဆိုပါဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် တောင်အာရှဒေသရှိ တရားစီရင်ပိုင်ခွင့်ရှိသောတရားရုံးများတွင်လည်း တရားရေးဆိုင်ရာရွေးချယ်ခွင့်များလည်းရှိကြောင်းကို သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News