ဟောင်ကောင်ဒေသ၏စုစုပေါင်းပို့ကုန်နှင့်သွင်းကုန်များသည် မေလတွင် တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ပို့ကုန်နှင့်သွင်းကုန်နှစ်ခုလုံးမှာ နှစ်အလိုက်နှိုင်းယှဉ်ချက်အရ နှစ်လဆက်တိုက် ၄၀ ရာခိုင်နှုန်းကျော်စီတိုးတက်မှုများရှိခဲ့ကြောင်း သန်းခေါင်စာရင်းနှင့်စာရင်းအင်းဦးစီးဌာန၏ ၂၅-၆-၂၀၂၆ ရက်ထုတ်ပြန်ချက်များအရ သိရှိရကြောင်းသတင်းကို ၂၆-၆-၂၀၂၆ ရက်တွင်ထုတ်ဝေသော The Standard ဂျာနယ်တွင် “HK EXPORTS, IMPORTS UP OVER 40PC TWICE IN A ROW” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ဉာဏ်ရည်တု(AI)ဖွံ့ဖြိုးတိုးတက်မှုအပေါ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်စိတ်အားထက်သန်မှုများက AI နှင့်သက်ဆိုင်သောအီလက်ထရွန်နစ်ထုတ်ကုန်များ၏ ဝယ်လိုအားကို မြင့်တက်စေခဲ့ခြင်းကြောင့် ကုန်စည်စုစုပေါင်းပို့ကုန်တန်ဖိုးမှာ ၄၀.၈ ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့ကြောင်း၊ အဆိုပါကိန်းဂဏန်းသည် စျေးကွက်၏မျှော်မှန်းချက်ဖြစ်သော ၄၁.၇ ရာခိုင်နှုန်းအောက် အနည်းငယ်လျော့နည်းခဲ့ပြီး ပြီးခဲ့သည့်လက ၄၂.၉ ရာခိုင်နှုန်းအောက်လည်း လျော့နည်းခဲ့ကြောင်း၊ မေလတွင် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ ဟောင်ကောင်ဒေါ်လာ ၆၁၁.၂ ဘီလီယံအထိရှိခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ၄၂ ရာခိုင်နှုန်းမြင့်တက်ကာ ဟောင်ကောင်ဒေါ်လာ ၆၅၅.၄ ဘီလီယံအထိရှိခဲ့ကြောင်းနှင့် ကုန်သွယ်မှုလိုငွေပြမှုအဖြစ် ဟောင်ကောင်ဒေါ်လာ ၄၄.၂ ဘီလီယံကို သိသာထင်ရှားစွာမှတ်တမ်းတင်ခဲ့ရပြီး ယင်းသည် ကုန်ပစ္စည်းသွင်းကုန်၏ ၆.၇ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း ဖော်ပြထားပါသည်။
ရှေ့အလားအလာကိုကြည့်ပါက AI နှင့်သက်ဆိုင်သော အီလက်ထရွန် နစ်ထုတ်ကုန်များအတွက် ကမ္ဘာတစ်ဝန်းဝယ်လိုအား ကောင်းမွန်နေဆဲဖြစ်ခြင်းက ဟောင်ကောင်၏ကုန်ပစ္စည်းကုန်သွယ်မှု စွမ်းဆောင်ရည်ကို ဆက်လက်ပံ့ပိုးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊တစ်ချိန်တည်းမှာပင် မကြာ သေးမီက အရှေ့အလယ်ပိုင်းဒေသ၌ ပထဝီနိုင်ငံရေးတင်းမာမှုများ လျော့ပါးသွားခြင်းက ကမ္ဘာ့စီးပွားရေးအလားအလာအတွက် ရေတိုသက်သာရာရမှုကိုဖြစ်စေခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း ဆန့်ကျင်ဘက်အခက်အခဲများ(Headwinds)ရှိနေဆဲဖြစ် ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့ပြီး အစိုးရအနေဖြင့် ပြင်ပအန္တရာယ်များကို ဆက်လက်သတိပြုစောင့်ကြည့်သွားမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
အဆိုပါခိုင်မာသောကိန်းဂဏန်းများအပေါ် တုံ့ပြန်ချက်အဖြစ် ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(HKTDC)က မှတ်ချက်ပြုရာတွင် ဇွန်လလယ်ပိုင်းက အမေရိကန်နှင့်အီရန်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးနောက်ပိုင်း မငြိမ်မသက်မှုများရှိနိုင်သေးသော်လည်း တင်းမာမှုများယာယီလျော့ပါးသွားခြင်းသည် ရေနံစျေးနှုန်းများကျဆင်းလာခြင်းနှင့်အတူ စီးပွားရေးအလားအလာအပေါ် ကောင်းမွန်သော သက်ရောက်မှုများရှိလာမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။
ဟောင်ကောင်၏ ကုန်သွယ်ရေးအလားအလာသည် နည်းပညာကဏ္ဍအလားအလာကောင်းမွန်နေမှု၊ ပထဝီနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ စွမ်းအင်စျေးနှုန်းတွေနှင့် ကမ္ဘာလုံးဆိုင်ရာစားသုံးသူစျေးကွက်၏ ဝယ်လို အားအပါအဝင် အချက်အလက်အပြောင်းအလဲအများအပြားအပေါ် ဆက်လက်မူတည်နေမည်ဟု HKTDC ၏သုတေသနဆိုင်ရာ ဒါရိုက်တာဖြစ်သူ မစ္စတာဘရုစ်ပန်က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: The Standard Journal
(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)