ဥရောပသမဂ္ဂ(EU)ကောင်စီသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် EU နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော Joint Statement ပါ အကောက်ခွန် (Tariff)ဆိုင်ရာကတိကဝတ်များကို အကောင်အထည်ဖော်ရန် စည်းမျဉ်း ဥပဒေ(Regulations)နှစ်ခုအား တရားဝင်အတည်ပြုခဲ့ပါသည်။ အဆိုပါအတည်ပြုချက်ဖြင့် EU ဘက်တွင် ဥပဒေပြုလုပ်ငန်းစဉ်ပြီးဆုံးခဲ့ပြီး EU သည် အမေရိကန်နှင့် နှစ်ဖက်အကျိုးရှိသည့် ကုန်သွယ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါစည်းမျဉ်းများအရ EU သည် အမေရိကန်မှတင်သွင်းသော စက်မှု ကုန်ပစ္စည်းများအပေါ် ကျန်ရှိနေသည့် အကောက်ခွန်များကို ဖယ်ရှားပေးမည်ဖြစ်ပြီး အမေရိကန်၏ ရေထွက်ကုန်အချို့နှင့် အခြားစိုက်ပျိုး ရေးထုတ်ကုန်များ(မရှိမဖြစ်မဟုတ်သော)အတွက် Tariff Rate Quota (TRQ)နှင့် လျှော့ချထားသော အကောက်ခွန်နှုန်းများဖြင့် ဦးစားပေးဈေးကွက်ဝင်ခွင့်ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ပုစွန်(Lobster) နှင့် ပြုပြင်ထုတ်လုပ်ထားသောပုဇွန်(Lobster)ထုတ်ကုန်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကိုလည်း Most Favoured Nation(MFN) အခြေခံဖြင့် ဆက်လက်သက်တမ်းတိုးပေးသွားမည်ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း EU သည် မိမိ၏စီးပွားရေးအကျိုးစီးပွားကိုကာကွယ် ရန် Safeguard Mechanism များကိုထည့်သွင်းထားပြီး အမေရိကန်မှ သွင်းကုန်များ ရုတ်တရက် အများအပြားတိုးမြင့်လာ၍ EU လုပ်ငန်းများကိုထိခိုက်မှုဖြစ်ပေါ်ပါက ဥရောပကော်မရှင်အနေဖြင့် အရေးပေါ်အကာ အကွယ် အစီအမံများချမှတ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အမေရိကန်ဘက်မှ Joint Statement ပါ ကတိကဝတ်များကို လိုက်နာမှုမရှိခြင်း၊ ခွဲခြားဆက်ဆံသည့် ကုန်သွယ်ရေးအရေးယူမှုများဆောင်ရွက်ခြင်း သို့မ ဟုတ် နှစ်ဖက်ကုန်သွယ်ရေးဆက်ဆံရေးကိုထိခိုက်စေသည့် အခြေအနေ များပေါ်ပေါက်လာပါက EU အနေဖြင့် ပေးအပ်ထားသည့် အကောက် ခွန်အထူးအခွင့်အရေးများကို ယာယီရပ်ဆိုင်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အတည်ပြုထားသော စည်းမျဉ်းဥပဒေ(Regulations)နှစ်ခုကို လက်မှတ်ရေးထိုးပြီးနောက် ဥရောပသမဂ္ဂ၏တရားဝင်ပြန်တမ်း(Official Journal of the European Union)တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ထိုသို့တရားဝင်ပြန်တမ်းတွင် ထုတ်ပြန်သည့်နေ့၏ နောက်တစ်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ပါသည်။
အဓိကကျသော စည်းမျဉ်းဥပဒေ၏ သက်တမ်းသည် ၂၀၂၉ ခုနှစ်၊ ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မတိုင်မီ ဥရောပကော်မရှင်သည် အဆိုပါစည်းမျဉ်းများ၏ EU-အမေရိကန်ကုန်သွယ်ရေးစီးဆင်းမှုအပိုင်း၊ အကောက်ခွန်ဝင်ငွေရရှိမှုအပိုင်း၊ စီးပွားရေးအပေါ် သက်ရောက်မှုများနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)အပေါ် သက်ရောက်မှုများကို အကျယ်တဝင့်အကဲဖြတ်သည့် အစီရင်ခံစာတစ်စောင်တင်ပြရမည်ဖြစ်ပါသည်။ လိုအပ်ပါက အဆိုပါစည်းမျဉ်းများ၏သက်တမ်းကို ဆက်လက်တိုးမြှင့်နိုင်ရန် ဥပဒေပြင်ဆင်ရေးအဆိုပြုချက်ကိုလည်း တစ်ပါတည်းတင်သွင်းသွားမည်ဖြစ်ပါသည်။
Lobster တင်သွင်းမှုနှင့်သက်ဆိုင်သည့် စည်းမျဉ်း သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ကြောင်းပြန်(retroactively)အကျိုးသက်ရောက်မည်ဖြစ်ပြီး၊ထပ်မံဆောင်ရွက်ချက်များမရှိပါက ၂၀၃၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
EU နှင့် အမေရိကန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များဖြစ်ပြီး ကမ္ဘာ့ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းနီးပါးနှင့်ကမ္ဘာ့ GDP ၏ ၄၃ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွင်း နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးမှာ ယူရို ၁.၇ ထရီလီယံကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ယူရို ၄.၈ ထရီလီယံကျော်ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား
(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)