စာရင်းစစ်ကုမ္ပဏီကြီးတစ်ခုဖြစ်သော (Ernst & Young- EY)သည် ဂျာမန်အစိုးရစာရင်းအင်းရုံးမှ အချက်အလက်များအပေါ်အခြေခံ၍ လေ့လာမှုအသစ်တစ်ခုပြုလုပ်ပြီး ဂျာမနီနိုင်ငံ၏ အဓိကကျသောစက်မှုလုပ်ငန်းဖြစ်သည့် မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ တဖြည်းဖြည်းကျဆင်းနေကြောင်း ပြောကြားခဲ့ပါသည်။
တစ်နှစ်တာအတွင်း ကားထုတ်လုပ်သည့်လုပ်ငန်းတွင် အလုပ်အကိုင် (၅၁,၅၀၀)ခန့်ဆုံးရှုံးခဲ့ရပြီး ယင်းပမာဏသည် အဆိုပါကဏ္ဍရှိ စုစုပေါင်းလုပ်သားအင်အား၏ ၆.၇ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း၊ အလားတူကာလတွင် စက်မှုလုပ်ငန်းများ၌လည်း အလုပ်အကိုင်လျှော့ချမှု (၁၁၄,၀၀၀)ခန့်ရှိခဲ့ရာ မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းမှ အလုပ်အကိုင်လျှော့ချမှုသည် စက်မှုလုပ်ငန်းများအားလုံးမှ လျှော့ချမှု၏ ထက်ဝက်နီးပါးခန့်ရှိကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်ကတည်းကပင် ဂျာမန်ကားထုတ်လုပ်ငန်းများ၌ အလုပ်အကိုင်အခွင့်အလမ်း (၁၁၂, ၀၀၀)ခန့်တဖြည်းဖြည်းကျဆင်းခဲ့ပြီးဖြစ်ရာ ယင်းကျဆင်းမှုမှာ ယခုအချိန်တွင် အရှိန်ရလာပုံရကြောင်း EY က မှတ်တမ်းတင်ထားခဲ့ပါသည်။
ထို့ပြင် ဂျာမန်စက်မှုလုပ်ငန်းကုမ္ပဏီများ၏ ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ရငွေသည် ၂.၁ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ရာ ယင်းကျဆင်းမှုသည် အနုတ်လက္ခဏာဆောင်နေသော စုစုပေါင်းစီးပွားရေးတိုးတက်မှုနှုန်း ၀.၃ ရာခိုင်နှုန်းထက်ပင် ပိုမိုများပြားနေသေးကြောင်း၊ ကားကုမ္ပဏီများ၏ ၀င်ငွေမှာ ၁.၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့သော်လည်း အီလက်ထရွန်းနစ်စက်မှုလုပ်ငန်းများ၏ သုံးလပတ်ဝင်ငွေမှာမူ တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
သမ္မတ Donald Trump ၏ အခွန်စည်းကြပ်မှုနှုန်းထားအသစ်များကြောင့် ဂျာမနီ ၏အကြီးဆုံးတစ်ခုတည်းသော ဈေးကွက်ဖြစ်သည့် အမေရိကန်သို့တင်ပို့မှုမှာ ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့သည့်အတွက် ယခုအချိန်တွင် မော်တော်ကားများအတွက် အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်းသို့ ပြောင်းလဲပေးခဲ့သည့်တိုင် တိုးတက်မှုအခြေအနေကို မျက်ဝါးထင်ထင်တွေ့နိုင်မည်မဟုတ်ဟုကြိုတင်ခန့်မှန်းနိုင်ကြောင်း၊ ဂျာမနီ၏ဒုတိယမြောက် အမြတ်အစွန်းအများဆုံးရရှိသော ပို့ကုန်ဈေးကွက်အဖြစ် ကာလရှည်ကြာစွာရပ်တည်ခဲ့သည့်တရုတ်နိုင်ငံသို့ တင်ပို့မှုကျဆင်းသွားခဲ့ခြင်းသည်လည်း ဂျာမန်ကားထုတ်လုပ်ရေးကဏ္ဍအပေါ် များစွာသက်ရောက်မှုရှိခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ရာ ယမန်နှစ်စတုတ္ထသုံးလပတ်တွင် ၁၄ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဂျာမနီအတွက် ပို့ကုန်တင်ပို့မှုတွင် ယခင်အဆင့်(၂)နေရာတွင်ရပ်တည်နေခဲ့ရာမှ ယခုအဆင့်(၆)နေရာသို့ရောက်ရှိသွားခဲ့ကြောင်းနှင့် တရုတ်ဈေးကွက်သည် မော်တော်ကားလုပ်ငန်းအတွက် ကာလကြာရှည်စွာအထူးဆွဲဆောင်မှုရှိခဲ့သော်လည်း ယခုအလှည့်အပြောင်းတွင် ဝယ်လိုအား သိသာစွာကျဆင်းလာမှုကြောင့် နိုင်ငံခြားမှ ကားထုတ်လုပ်သူများအတွက် ဝင်ငွေရရှိမှုကျဆင်းသွားခဲ့ရကြောင်း EY မှ Jan Brohriker က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှ စျေးနှုန်းသက်သာသော လျှပ်စစ်ကားများနှင့်ပတ်သက်၍ အီးယူနှင့် တရုတ်တို့အကြား ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုများပေါ်ပေါက်ခဲ့မှုအပေါ် ပြန်လည်စေ့စပ်မှုများဆောင်ရွက် ခဲ့ပြီးသည့်နောက် လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးလာသော တရုတ်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများသည် ပြည်တွင်းဝယ်လိုအားအပေါ် ပိုမိုလွှမ်းမိုးလာနိုင်ခဲ့ကြောင်းနှင့် ဂျာမနီမှ Mercedes-Benz၊ Volkswagen၊ Audi၊ Bosch၊ Continental၊ ZF နှင့် Porsche အပါအဝင် အဓိကမော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများသည် ကုန်ကျစရိတ်လျှော့ချရေးအစီအစဉ်ကို စတင်သည့်အနေဖြင့် ၎င်းတို့၏ထုတ်လုပ်မှုကိစ္စအရပ်ရပ်ကို နိုင်ငံရပ်ခြားတွင် မဆောင်ရွက်တော့ဘဲ ဂျာမနီနှင့် ဂျာမနီနှင့်နီးကပ်သော အိမ်နီးချင်းနိုင်ငံများတွင်သာ ထုတ်လုပ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်အကိုင်များနည်းပါးကျဆင်းလာခြင်းသည် လက်ရှိဖြစ်ပေါ်နေသောအခြေ အနေ၊ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ခြင်းနှင့် ကုန်ကျစရိတ်လျှော့ချရေးအစီအစဉ်များကြောင့် ဖြစ်နိုင်ကြောင်းနှင့် ကျောင်းများ၊ တက္ကသိုလ်များမှ ပညာသင်ယူပြီးမြောက်လာကြမည့် တက်သစ်စလူငယ်အင်ဂျင်နီယာများ၏ အနာဂတ်မှာ ပိုမိုခက်ခဲလာနိုင်ကြောင်း EY မှ ခန့်မှန်းထားပါသည်။
ကားထုတ်လုပ်သည့်လုပ်ငန်းနှင့် စက်မှုအင်ဂျင်နီယာကဏ္ဍသည် ယခင်နှစ်များကထက် လူငယ်များကို အလုပ်ခန့်ထားမှု သိသာစွာနည်းပါးလာကြောင်း၊ လူငယ်အင်ဂျင်နီယာများအတွက် အလုပ်သမားဈေးကွက် တဖြည်းဖြည်းအဆင်မပြေဖြစ်လာကြောင်းနှင့် ဂျာမနီတွင်တက္ကသိုလ်မှ ဘွဲ့ရရှိထားပြီးသူများအနေဖြင့် အလုပ် လက်မဲ့ဖြစ်နေကြရသည်ကို ယခင်ကာလများက မတွေ့ရှိဖူးကြောင်း Brohriker က ပြောကြားခဲ့ပါသည်။
Source: https://www.dw.com/en/german-car-industry-sheds-51500-jobs-in-a-year/a-73768859
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)