International News

Expo 2025 Osaka ကုန်စည်ပြပွဲတွင်ပြသလျက်ရှိသည့် ယူအေအီးနိုင်ငံ ကိုယ်စားပြုပြခန်းမှ လေ့လာကြည့်ရှုသူသုံးသန်းကို လက်ခံကြိုဆိုခဲ့

Last Updated:

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ Expo 2025 Osaka ကုန်စည်ပြပွဲတွင် ပါဝင်ပြသလျက်ရှိသော ယူအေအီးနိုင်ငံ၏ကိုယ်စားပြုပြခန်းမှ လာရောက်လေ့လာကြည့်ရှုသူပေါင်း သုံးသန်းကိုလက်ခံကြိုဆိုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကုန်စည်ပြပွဲတွင် လေးစားမှုအရှိဆုံးနှင့် လာရောက်လည်ပတ်သူအများဆုံးသော ပြခန်းတစ်ခုအဖြစ် ၎င်းတို့၏နေရာကို ခိုင်မာစွာရပ်တည်နိုင်ခဲ့ပါသည်။

ပြခန်းစတင်ဖွင့်လှစ်ခဲ့သည့်ဧပြီလကတည်းက အဆိုပါပြခန်းသည် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုများအတွက် ၎င်းတို့၏အမြင်နှင့် ယူအေအီးနိုင်ငံ၏အမွေအနှစ်များကို ရောနှောထားသည့် ၎င်းတို့၏ဆောင်ပုဒ်ဖြစ်သည့် “မြေပြင်မှမိုးထက်ဆီသို့”(Earth to Ether)ခေါင်းစဉ်ဖြင့် လေ့လာကြည့်ရှုသူများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ Earth to Ether Design Collective တည်ဆောက်ရေးဗိသုကာအုပ်စုမှပုံစံထုတ်ထားသည့် အဆိုပါပြခန်းတွင် ထန်းပင်စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ ကော်လံတိုင်ကြီးပေါင်း ၉၀ ခုပါရှိပြီးရေရှည်တည်တံ့မှုနှင့်ယဉ်ကျေးမှုအမြစ်များကိုကိုယ်စားပြု၍ တင်ဆက် ပြသထားပါသည်။

ယူအေအီးနိုင်ငံကိုယ်စားပြုပြခန်း၏ ကော်မရှင်နာမင်းကြီးဖြစ်သူ သံအမတ်ကြီး Shihab Alfaheem က လေ့လာကြည့်ရှုသူသုံးသန်းအထိရောက်ရှိလာခဲ့ခြင်းသည် ယူအေအီးပြခန်းအတွက် ကြီးမားသောမှတ်တိုင်တစ်ခုဖြစ်ပြီး မြတ်နိုးဖွယ်ရာအောင်မြင်မှုဖြစ်သလို ယူအေအီးနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာပဲ့တင်ထပ်သောဇာတ်လမ်းများနှင့် ၎င်းတို့၏အနာဂတ်အတွက်မျှဝေထားသောဆန္ဒများကို တင်ဆက်ပြသထားခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါပြခန်းတွင် အကြောင်းအရာအလိုက်ဇုန်ငါးခုတွင် အာကာသစူးစမ်းလေ့လာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆန်းသစ်တီထွင်မှု၊ ရေရှည်တည်တံ့မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မီးမောင်းထိုးပြသည့် အတွေ့အကြုံများဖြင့်ပြသထားပါသည်။ ပြခန်းရှိအလုပ်ရုံဆွေးနွေးပွဲများမှသည် ယူအေအီးနိုင်ငံ၏ အစား အသောက်ပြပွဲများအထိ နေ့အလိုက်အစီအစဉ်များကိုရေးဆွဲထားရှိခြင်းဖြင့် ပြခန်းအား Expo 2025 Osakaကုန်စည်ပြပွဲတွင် ယဉ်ကျေးမှုဗဟိုချက်အဖြစ်သို့ပြောင်းလဲ ခဲ့ပါသည်။

လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့၊ ကုန်စည်ပြပွဲမပြီးဆုံးမီနှစ်လအလိုကာလတာအတွင်း ယူအေအီးပြခန်းသည် ၎င်းတို့၏ချိတ်ဆက်မှု၊ တီထွင်ဖန်တီးမှုနှင့်မျှဝေမှုဆိုင်ရာတိုးတက်မှုများကို တွေ့ကြုံခံစားရန်အတွက် လေ့လာကြည့်ရှုမည့်ဧည့်သည်များကို ဆက်လက်ဖိတ်ခေါ်ထားရှိပါကြောင်း သတင်းဖော်ပြထားပါသည်။

News Source:          Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News