International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီးများသည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာ

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးတင်ပို့သည့် သရက်သီး(၃)တန်သည် တရုတ်နိုင်ငံအလယ်ပိုင်း၊ဟူနန်ပြည်နယ်၊ ချန်ရှားမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိ ရပါသည်။ရောက်ရှိလာချိန်တွင် Changsha Huanghua အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အကောက်ခွန်အရာရှိများသည် တင်ပို့သည့်တံဆိပ်များနှင့် ပိုးမွှားကင်းရှင်းကြောင်းလက်မှတ်များကို ချက်ချင်းစစ်ဆေးကာ ထုပ်ပိုးမှုနှင့် သစ်သီးများကို ဖွင့်ဖောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အကောက်ခွန်ရှင်းလင်းမှုကို ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

သရက်သီးများသည် ၎င်းတို့၏နူးညံ့သောအရသာ၊ သကြားပါဝင်မှုမြင့်မားပြီး မွှေးပျံ့သည့်ရနံ့တို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူသိများသောထုတ်ကုန်တစ်ခုဖြစ် ကြောင်း၊ သစ်သီးများကို တရုတ်နိုင်ငံတစ်ဝန်းရှိ e-commerce ပလက်ဖောင်းများ၊ ဈေးဝယ်စင်တာများနှင့် လတ်ဆတ်သော သစ်သီးဆိုင်ခွဲများမှတစ်ဆင့် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း တင်သွင်းသူ Hunan BabaiLi Holding Group မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခင်က အရှေ့အလယ်ပိုင်းနှင့် အီးယူသို့အဓိကတင်ပို့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်သရက်သီးများသည် ယခုအခါ တရုတ်နိုင်ငံသို့ဝင်ရောက်လျက်ရှိပြီး ပထမနှစ်တွင် တန်ချိန် (၁၀၀)ကျော်တင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီးတင်သွင်းမှုကို တရုတ်နိုင်ငံက အတည်ပြုခဲ့ကြောင်း၊ ပို့ဆောင်မှုအဆင်ပြေစေရန်အတွက် Changsha Customs သည် မူဝါဒညှိနှိုင်းဆွေးနွေးခြင်းနှင့် quarantine ခွင့်ပြုချက်အပါအဝင် အစအဆုံးပံ့ပိုးကူညီပေးခဲ့ကြောင်း၊ လေဆိပ်တွင် အထူးသီးသန့်အဖွဲ့တစ်ဖွဲ့သည် သီးသန့်စစ်ဆေးခြင်းအစီအစဉ်ဖြင့် ကုန်ပစ္စည်းဆိုက်ရောက်စစ်ဆေးခြင်းကို လျင်မြန်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သရက်သီးတန်ချိန်(၂.၇)သန်းခန့် ထွက်ရှိရန် မျှော်မှန်းထားပြီး တန်ချိန်(၅၀၀၀)ခန့်တင်ပို့ရန် စီစဉ်ထားကြောင်း စိုက်ပျိုးရေးတိုးချဲ့မှုဦးစီးဌာနထံမှ သိရှိရပါသည်။

သရက်သီးမြို့တော်ဟုလူသိများသော Chapainawabganj ၏အနောက်မြောက်ပိုင်းဒေသသည် ၎င်း၏အရည်အသွေးမြင့်၊ ဓာတုကင်းစင်သောသရက်သီးများကြောင့် ကျော်ကြားကြောင်း၊ မကြာသေးမီနှစ်များအတွင်း ဓာတုပိုးသတ်ဆေးများထက် ပို၍ဘေးကင်းသည့် အစားထိုးနည်းလမ်းဖြစ်သော တရုတ်အိတ်ထုတ်နည်းပညာသည် ဒေသခံတောင်သူများအကြား ရေပန်းစားလာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏သစ်သီးရောင်းဝယ်ရေးသည် တည်ငြိမ်စွာတိုးတက်လာခဲ့ကြောင်း၊ သစ်သီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ(၈.၅၄)ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်(၂၀.၉)ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ တင်သွင်းမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ(၁၉.၄၅)ဘီလီယံရှိပြီး ယခင်နှစ်ထက် (၆)ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်သည် တရုတ်နှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ်(၅၀)ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် သိသိသာသာနက်ရှိုင်းလာခဲ့ကာ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် (၁၅)နှစ်ဆက်တိုက်ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

Source: https://english.news.cn/20250528/1d31d025850f4b3eb0484146467cb8bd/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News