International News

ဂျာမနီ၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်အဖြစ် တရုတ်နိုင်ငံက အမေရိကန်ထံမှ ပြန်လည်ရယူ

Last Updated:

၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ဂျာမနီသို့ ပိုကုန်တင်သွင်းနိုင်မှုမြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် အမေရိကန်ကို ထပ်မံကျော်တက်ကာ ဂျာမနီ၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာခဲ့ပါသည်။

Donald Trump ၏ကုန်သွယ်ရေးမူဝါဒများကြောင့် ဂျာမနီ၏ပို့ကုန်များ ကျဆင်းလာပြီး ကားရောင်းအားများပါ ကျဆင်းနေချိန်တွင် ယခုကဲ့သို့ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

Federal Statistics Office (Destatis) မှ ၁၉-၁၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော အမှန်ပြင်ဆင်ပြီးစာရင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံနှင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ယူရို(၁၈၅.၉)ဘီလီယံရှိကြောင်း၊ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက (၀.၆)ရာခိုင်နှုန်းတိုးလာကြောင်းနှင့် အမေရိကန်နှင့်ကုန်သွယ်မှု သည် ၂၀၂၄ ခုနှစ် ပထမကိုးလနှင့်နှိုင်းယှဉ်ပါက (၃.၉) ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး ယူရို(၁၈၄.၇)ဘီလီယံသာရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ကိုကျော်တက်ခဲ့ပြီး ဂျာမနီ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် အဆက်မပြတ်ရပ်တည်လာရာမှ ယမန်နှစ်က ယင်းထိပ်ဆုံးနေရာကို ဆုံးရှုံးခဲ့ရ ကြောင်း၊ နှစ်နိုင်ငံစလုံးမှ ဂျာမနီသို့ တင်ပို့မှုများမှာ မြင့်တက်လာနေဆဲဖြစ်ပြီး၊ အမေရိကန်မှ (၂.၈) ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ (၈.၅) ရာခိုင်နှုန်းခန့်တိုးမြှင့်တင်သွင်းလာပါကြောင်း၊တစ်ချိန်တည်းတွင် ဂျာမနီမှ ပို့ကုန်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ (၁၂.၃)ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်သို့ (၇.၈) ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်းနှင့် ယင်းသို့ပို့ကုန်တင်ပို့မှုကျဆင်းခဲ့သော်လည်း  ဂျာမနီအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေပြနေဆဲဖြစ်ပြီး တရုတ်နှင့်သာ ကုန်သွယ်မှုလိုငွေပြနေကြောင်း ဖော်ပြထားပါသည်။

နှစ်နိုင်ငံစလုံးနှင့် အခွန်အကောက်အငြင်းပွားမှုများအကြား ဂျာမနီမှ ကားများနှင့် ကားအပိုပစ္စည်းများတင်ပို့ရမှု ပိုမိုကျဆင်းလာခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ ကားထုတ်လုပ်သူများအနေဖြင့် အသုံးစရိတ်များကြီးမြင့်၍ ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံ၏ အလျင်အမြန်ကြီးထွားလာသော ကားထုတ်လုပ်မှုလုပ်ငန်းများသည် ၎င်းတို့၏ပြည်တွင်းဝယ်လိုအားကို ဆက်လက်ကိုင်တွယ်ဖြေရှင်းလာနိုင်ကာ ပြည်တွင်းကားသုံးစွဲသူများအကြား နေရာယူလာခဲ့ကြောင်း သိရှိရပါသည်။

Trump သမ္မတဖြစ်လာပြီး ပထမနှစ်ဝက်တွင် (၃)ရာခိုင်နှုန်းအောက်ရှိခဲ့သော အခွန်စည်းကြပ်မှုများမှာ (၂၇.၅)ရာခိုင်နှုန်းခန့်အထိ အကြမ်းဖျင်းမြင့်တက်လာပြီးသည့်နောက် အီးယူမှ တင်သွင်းကုန်များအတွက် မြင့်မားသောအခွန်ကောက်ခံမှုဖြစ်သည့် (၁၅)ရာခိုင်နှုန်းစတင်လိုက်သည့်အချိန်တွင် ဂျာမနီမှ အမေရိကန်သို့ တင်ပို့ရောင်းချရမှုမှာ ယူရို (၃.၆)ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် (၁၃.၉) ရာခိုင်နှုန်းခန့်အထိ သိသာစွာကျဆင်းသွားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်  ဥရောပ၌ တရုတ်နိုင်ငံမှ လျှပ်စစ်ကားများရောင်းချမှုအပေါ် အခွန်ကောက်ခံမှုမြင့်မားခြင်းနှင့်စပ်လျဉ်း၍ အီးယူနှင့် တရုတ်တို့အကြား အငြင်းပွားမှုများဖြစ်ပေါ်နေစဉ်တွင် တရုတ်နိုင်ငံသို့ ဂျာမနီမှ တင်ပို့ရောင်းချရမှုမှာလည်း ယူရို (၆.၁) ဘီလီယံ၊ (၃၅.၉)ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source:       https://www.dw.com/en/china-reclaims-spot-as-top-german-tradepartner-from-us/a-74810237

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News