ထိုင်းနှင့် လာအို နှစ်နိုင်ငံကုန်သွယ်မှုသည် အရှိန်အဟုန်အသစ်ဖြင့် ၈.၈ % တိုးတက်ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃၈.၅ သန်း ရရှိခဲ့ကြောင်း၊ လာအို၏ လျင်မြန်စွာတိုးတက်လာသော အီလက် ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် တရုတ် - လာအို မြန်နှုန်းမြင့်ရထားလမ်းဖြင့် ကုန်စည်သယ်ယူမှုတို့ကြောင့် ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ထောက်ပံ့သယ်ယူပို့ဆောင်ရေးမြင်ကွင်းသည် ပြောင်း လဲနေပြီး စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများ လိုက်ပါပြောင်းလဲရန်လိုကြောင်း၊ ယခုအခွင့်အရေးကို အသေးစားစီးပွားရေးလုပ်ငန်းများ ရရှိရန် စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများက ကူညီပေးရမည်ဖြစ်ပြီး လာအိုစားသုံးသူများသည် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းနှင့် ပစ္စည်းရောက်ငွေချေစနစ်ကို ပိုမိုအသုံးပြုကြကြောင်း ထိုင်းစာတိုက်လုပ်ငန်းဥက္ကဌ (Thailand Post President ) Danun Supatpan က ပြောကြားခဲ့သည်။
ထိုင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စာရင်းများအရ ပြီးခဲ့သည့်နှစ်အတွင်း လာအို၌ အွန်လိုင်းငွေပေးချေမှုများ သိသိသာသာ တိုးလာသဖြင့် စာတိုက်များက ငွေလွှဲ ကွန်ရက်များ အားကောင်းစေရန်နှင့် ငွေပေးချေမှုများကို ရိုးရှင်းစေရန် တွန်းအားပေးခဲ့ရကြောင်း၊ အဆိုပါတိုးတက်မှုများသည် ထိုင်းနှင့် လာအိုကြားသာမက CLMV နိုင်ငံများအတွင်း ပိုမိုနက်ရှိုင်းသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် မရှိမဖြစ်အခြေခံအုတ်မြစ်ဖြစ်ကြောင်း Danun မှ ပြောကြားခဲ့သည်။
နှစ်နိုင်ငံ စာတိုက်လုပ်ငန်းများက ဒေသတွင်း၌ ဒစ်ဂျစ်တယ်နှင့် မိုဘိုင်းကုန်သွယ်မှုပတ်ဝန်းကျင် ပိုမိုအားကောင်းစေရန် လေကြောင်းနှင့် ကုန်းကြောင်း ပို့ဆောင်မှုနှစ်ခုစလုံးတွင် လုံခြုံရေးစစ်ဆေးမှု တင်းကျပ်ခြင်း၊ နယ်စပ်တစ်လျှောက် အမြန်စာပို့လုပ်ငန်း (EMS) တိုးချဲ့ခြင်းနှင့် အကောက်ခွန် နှောင့်နှေးမှုများကို လျှော့ချရန် အီလက်ထရောနစ်ဒေတာစနစ်များ အသုံးပြုခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် စီမံခဲ့ကြပါသည်။
အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုများ ပိုမိုအားကောင်းစေရန် တစ်ဦးချင်းရောင်းချသူများနှင့် SMEs များအနေဖြင့် ထိုင်း၊ လာအိုမှတစ်ဆင့် တရုတ်သို့ ကုန်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော် ပါဆယ်ပေးပို့ရာတွင် အထူးသဖြင့် အသေးစား-ထုပ်ပိုးမှုနှင့် ပစ္စည်းရောက် ငွေချေ (COD) ဝန်ဆောင်မှုများ ပိုမိုလွယ်ကူစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ငွေကြေးဝန်ဆောင်မှုပိုင်းတွင် ထိုင်းစာတိုက်လုပ်ငန်းသည် ၎င်း၏ အီလက်ထရောနစ်ငွေချေစနစ် (e-payment systems) ကို အဆင့်မြှင့်တင်ပြီး Western Union ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်ဖက်စာတိုက်လုပ်ငန်းများသည် နှစ်နိုင်ငံဆက်ဆံရေး ကြာရှည်စေရန် တံဆိပ်ခေါင်းနှင့် အခြား ယဉ်ကျေးမှုကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေး အစီအစဉ်များ ပူးတွဲဆောင်ရွက်ပြီး ဝန်ထမ်းလေ့ကျင့်ရေးနှင့် အသိပညာမျှဝေခြင်း၊ ဝန်ဆောင်မှု စံနှုန်းများ မြှင့်တင်ခြင်း၊ ထိုင်းစာတိုက်လုပ်ငန်းသည် နိုင်ငံတကာပါဆယ်ထုပ်များအား အချိန်နှင့် တပြေးညီ ခြေရာခံခြင်းအပါအဝင် လုပ်ငန်းငယ်များ ပို့ဆောင်ခ ပိုမိုတတ်နိုင်စေရန် သင်္ဘောခများ ပြန်လည်ပြင်ဆင်ခြင်း၊ ထိုင်း - လာအို -တရုတ်စင်္ကြံတစ်လျှောက်နှင့် ဥရောပဘက်သို့ ကုန်စည်များ ဆက်လက်ပို့ဆောင်နိုင်ရန် အဓိကနယ်စပ်နေရာများဖြစ်သော နွမ်ကိုင် (Nong Khai) နှင့် ကျန်ကောင်(Chiang Khong) စသည့်နေရာများတွင် ရုံးများဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်နေပါသည်။
အဓိကရည်ရွယ်ချက်မှာ ရထားလမ်း၊ ကားလမ်းနှင့် လေကြောင်းတစ်လျှောက် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ချောမွေ့စွာဆောင်ရွက်နိုင် ရန်နှင့် ဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေးကို အထောက်အပံ့ဖြစ်စေပြီး SME များအနေဖြင့် ဒေသတွင်းဈေးကွက်များသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေးဖြစ် ကြောင်း Danun မှ ပြောကြားခဲ့သည်။
ရင်းမြစ်။ https://laotiantimes.com/
Source: https://commerce.gov.mm